/* ----- tynt --- */

Monday, October 25, 2010

သတိဖြင့် တစ်ဦးကိုတစ်ဦးဆက်ဆံခြင်း

ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့ရှုထောင့်၊ ကိုယ့်ရဲ့အမြင်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပဲ ကိုယ်ကဒီထဲမှာပဲမြုပ်နေမယ်ဆိုရင် ကိုယ်က တစ်ဖက်သက်ကြီးမြုပ်နေမယ်ဆိုရင် တကယ်စစ်မှန်တဲ့ ဆက်ဆံမှုဆိုတာ မဖြစ်နိုင်တော့ဘူး။

လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပုံစံဥပမာနဲ့ ပြောရမယ်ဆိုရင် ဥပမာ လူတစ်ယောက်က နောက်တစ်ယောက်ကို ရိုက်ဖို့ လာတယ်ဆိုပါတော့ အရိုက်ခံရမယ့်လူက တခါတည်း ကြမ်းပြင်ပေါ်မှာ လှဲအိပ်ချလိုက်ပြီးတော့ ရိုက်ပါ၊ ကြိုက်သလိုလုပ်ပါ၊ လုပ်ရင်တော့ခံရမှာပဲ ငါ့အပြစ်ပဲ၊ ဒီလိုကိုယ့်ကိုကိုယ် အပြစ်ပုံချပြီးတော့ လုပ်သမျှကိုခံမယ်။ သို့ မဟုတ်ရင် မရိုက်ပါနဲ့ ငါ့အပြစ်မဟုတ်ပါဘူး၊ သူများလုပ်တာပါ စသဖြင့် သူများပေါ်မှာ အပြစ်ပုံချပြီးတော့ လုပ်သမျှကိုလည်း ခံမယ်ဆိုပါတော့ အဲသလိုအဖြစ်မျိုးဟာ ကျေနပ်စရာမဖြစ်ဘူး။ ဒါပေမယ့် ဒါမျိုးက တကယ့်လူ့ လောကမှာ တော်တော်လေး အဖြစ်များကြပါတယ်။ တစ်ယောက်က အမြဲတမ်းအရှုံးပေးလိုက်တယ် နောက်တစ်ယောက်က အမြဲတမ်း အနိုင်ယူသွားတယ်။

ဒုတိယ တစ်နည်းကတော့ လူတစ်ယောက်က နောက်တစ်ယောက်ကို စိတ်ဆိုးလို့ ရိုက်ဖို့ လာတယ်။ အရိုက်ခံရမယ့်လူက ကပ်ပြီးတော့ရှောင်လိုက်တယ်။ လွတ်သွားတယ်။ အဲလိုလွတ်သွားတော့ ရိုက်ဖို့ လာတဲ့လူက တော်တော်လေး မကျေမနပ်ဖြစ်သွားတယ်။ ဒါပေမယ့် လွတ်သွားတဲ့ အရိုက်ခံရမယ့်လူကတော့ တမျိုးကျေနပ်နေတာပဲ။

ဒါပေမယ့် ရေရှည်မှာ ဒါပြသနာမဖြေရှင်းနိုင်ဘူး။ ပြသနာကို ရှောင်နေရုံနဲ့ ပြသနာ ပြေလည်မသွားဘူး။ အမြဲတမ်းရှောင်နေရုံနဲ့ ၊ လူတွေကို ရှောင်နေရုံနဲ့  လူလူချင်းတွေ့ ရမယ့် ပြသနာ ပြေလည်မသွားဘူး။ သို့ သော်လည်းပဲ လင်မယားတွေမှာ တော်တော်များများဟာ ဒီအတိုင်းပဲ ဖြစ်နေတာကို တွေ့ ရတယ်။ လင်မယားတွေမှာ ဒီလိုအပြုအမူမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်ဆံနေတာ အများကြီးတွေ့ ရတယ်။
တစ်ယောက်က တစ်ယောက်ကို တစ်နည်းနည်းနဲ့  contact ရအောင်လိုက်လုပ်တယ်။ နောက်တစ်ယောက်ကတော့ ဒါကိုရှောင်တယ် အမြဲတမ်းပဲ။ ဖြစ်တဲ့ နည်းနဲ့ ရှောင်တယ်။ ဒီလိုတစ်ဖက်ကရန်လိုတယ်၊ တစ်ဖက်က အမြဲတမ်းရှောင်တယ်ဆိုတဲ့ လုပ်နည်းမျိုးဟာ အကျင့်ကြီးဖြစ်သွားနိုင်တယ်။ အဲလို အကျင့်ကြီးဖြစ်သွားလို့ ရှိရင် နှစ်ဦးစလုံးအတွက် တော်တော်လေးခံရခက်တဲ့ သဘောမျိုးမှာရှိနိုင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ပြောဆိုမှု၊ ဆက်ဆံမှု မရှိတော့လို့ ပဲ။ အဲသလို တစ်ယောက်ကို တစ်ယောက်ရှောင်နေလို့ ရှိရင် နှစ်ယောက်စလုံးဟာ အထီးကျန်တွေ ဖြစ်သွားတယ်။ အဖော်မဲ့သွားတယ်။ စိတ်ထဲမှာလည်း ကျေနပ်မှုမရနိုင်ဘူး။

နောက်တစ်နည်းက တစ်ယောက်ကိုတစ်ယောက် အကြိတ်အနယ် အားချင်းပြိုင်ပြီး နေလိုက်ကြတယ်။ စကားနဲ့ ဆိုလည်းပဲ သူကတစ်ခွန်းပြော၊ ကိုယ်က တစ်ခွန်းပြန်ပြောတယ်။ ကိုယ်ကာယအားဖြင့်လည်း သူကတစ်ချက်ဆို၊ ကိုယ်ကတစ်ချက်ပြန်လုပ်တာပဲ။ အရှုံးတော့မပေးဘူးနော်။ အမှတ်မမဲ့ကြည့်ရင်တော့ ဒါဟာလည်း တစ်မျိုးကျေနပ်စရာလို့  ထင်ချင်ထင်နေလိမ့်မယ်နော်။

တော်တော်များများ ဆက်ဆံရေးပုံစံကလည်း အဲလိုပဲဖြစ်နေတယ်။ သူလည်း အရှုံးမပေးဘူး။ ကိုယ်လည်း အရှုံးမပေးဘူး။ တကျက်ကျက်နဲ့ ရန်ဖြစ်ပြီးတော့ နေကြတာပဲ။ လင်မယားလဲ အဲလိုရှိတယ်။ မိဘနဲ့ သားသမီးလည်း အဲလိုရှိတယ်။ ဒါပေမယ့် ဒီလို တစ်ယောက်ကိုတစ်ယောက် အရှုံးလည်းမပေးဘူး၊ ထွက်လည်းမပြေးတာက ကောင်းတာ တစ်ချက်တော့ရှိသေးတယ်။ ဘာလဲဆိုတော့ contact တော့ရှိသေးတယ်။ ဒါကြောင့် အရင်တုန်းက စကားတစ်ခွန်းရှိသေးတယ်နော်။ လုံးဝစကားမပြောဘဲ ရှောင်သွားတာထက် ရန်ပြန်ဖြစ်တာက တော်သေးတယ်။ ဒါဟာလည်း ပြသနာမပြေလည်ဘူး။ ကျေနပ်မှုလည်း မရနိုင်ဘူး။

နောက်ဆုံးတစ်ခုကတော့ သူက ကိုယ့်ကိုရန်မူဖို့ လာတယ်ဆိုပါတော့ ရိုက်ဖို့ လာတဲ့လူကို ကိုယ်ကလှဲအိပ်ပြီးလည်း အရှုံးမပေးလိုက်ဘူး၊ ကပ်ပြီးတော့လည်း ရှောင်မသွားဘူး။ ပြန်ပြီးတော့လည်း အားချင်းပြိုင်မတွန်းဘူး။ ဘာလုပ်လိုက်လဲဆိုတော့ သူကကိုယ့်ကို ရိုက်မယ်ဆိုတဲ့ အချိန်မှာ ကိုယ်ကသူ့ ကို အသာလေးဝင်ကပ်လိုက်တယ်။ အဲဒီတော့ ရိုက်တဲ့ဒါဏ်ချက်က သူနဲ့ ကိုယ်နဲ့ ပူးလိုက်တဲ့အတွက်ကြောင့် သူရိုက်လို့ မလွယ်တော့ဘူး။ အဲဒီရိုက်မယ်ဆိုတဲ့လက်ကို အသာလေးကိုင်လိုက်တယ်။ ပြီးတော့ သူလွှဲသွားမယ့်ဘက်ကိုပဲ လွှဲပေးလိုက်မယ်။ သူ့ အားလမ်းကြောင်းအတိုင်းပဲသွားပေးမယ်။ သူ့ ကိုပြန်ပြီး ဆန့် ကျန်ဖက် မလုပ်ဘူး။ အဲဒီတော့ ရိုက်တဲ့လူက ရိုက်ပေမယ့် အရိုက်ခံရမယ့်လူက အရိုက်မခံရတော့ဘူး။

ရိုက်တဲ့ဒါဏ်ချက်က သူ့ ကိုယ်ပေါ်မရောက်ဘူး။ အဲဒါဘာအဓိပ္ပါယ်လည်းဆိုရင် တစ်ယောက်ကတစ်ယောက်ကို attack လုပ်လာလို့ ရှိရှင် သူ့ ကိုပြန်ပြီးတော့ တိုက်ရိုက်မတွန်းဘဲနဲ့  ဒီဖြစ်လာတဲ့ ပြသနာကိုပူးပေါင်း ပြီးတော့ ဖြေရှင်းပေးတာ။

အဲဒီတော့ ဘယ်လိုနည်းနဲ့ ဖြေရှင်းမယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ ပုံသေနည်းအနေနဲ့ မသိဘူးနော်။ ဒါမျိုးဆိုတာက စိတ်ရှည်မှ၊ အေးအေးဆေးဆေးဖြေရှင်းမှရတယ် နော်။ အဲဒီတော့

ပြသနာတစ်ခုဖြစ်လာလို့ ရှိရင် ရန်မလုပ်ဘဲနဲ့ ၊ ထွက်လည်းမပြေးဘဲနဲ့ ခေါင်းအေးအေးနဲ့ သတိလေးနဲ့ ကြည့်ပြီး စဉ်းစားဖို့ လိုတယ်နော်။ တစ်ဖက်က ဘယ်လိုခံစားနေရတယ် ဆိုတာကိုလည်း သေချာတိတိကျကျ သိဖို့ လိုတယ်၊ နားထောင်ဖို့ လိုတယ်။ ကိုယ့်ဖက်က ဘယ်လိုခံစားနေရတယ် ဆိုတာကိုလည်း အေးအေးဆေးဆေးနဲ့  ပြန်ပြီးတော့ ပြောပြဖို့ လိုတယ်နော်။

ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ each moment ကို သတိလေးနဲ့ ကိုယ်က ရင်ဆိုင်မယ်ဆိုရင်၊ တတ်နိုင်သလောက် စိတ်ကလေးကို အေးအေးပဲထားမယ်၊ တတ်နိုင်သလောက် လက်ခံမယ်ဆိုရင် ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ၊ ကိုယ့်ရဲ့တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းပြီးတော့နေမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်မယ့် အဖြေတွေဟာ၊ လုပ်နည်းလုပ်ဟန်ဟာ ပေါ်လာနိုင်တယ်။

ဒေါသကြီးတယ်ဆိုတာ ခိုင်မာတဲ့သဘောထားမဟုတ်ဘူး၊ ရန်ပြန်တွေ့ တယ်ဆိုတာလည်း ခိုင်မာတဲ့သဘောထားမဟုတ်ဘူး။ အရှုံးပေးတယ်ဆိုတာလည်း ခိုင်မာတဲ့သဘောထားမဟုတ်ဘူး။ ရှောင်ပြေးတယ်ဆိုတာလည်း ခိုင်မာတဲ့သဘောထားမဟုတ်ဘူး။ အေးအေးလေးနဲ့ တည်ငြိမ်တဲ့ သဘောထားကမှ ခိုင်မာတဲ့သဘောထားဖြစ်တယ်။

*** ဆရာတော် ဦးဇောတိက ၏ သတိဖြင့် တစ်ဦးကိုတစ်ဦးဆက်ဆံခြင်း တရားတော်မှ ကောက်နှုတ်ထားပါသည်။

4 comments:

အနော် said...

အသက် ၂၀ တုန်းက စိတ်မှာတော့ ရှုး ဆို ဒိုင်း ပဲ.. ကိုယ်ကလဲ မဟုတ်တာ မလုပ်ဘူး ကိုယ့်ကိုလဲ မဟုတ်တာ လာလုပ်ရင် ဒေါသက အရမ်းမြန်တယ်...
အခု အသက် ၂၆ နှစ်.. ဒေါသက အရင်လာပေမဲ့ မျိုသိပ်လိုက်ရတယ် ကျေနပ်မှုမရှိဘူး ဒါပေမဲ့ ငုံ့ခံလိုက်ရတယ်..
တစ်ခုတော့ အခုအချိန်အထိ ကိုယ့်ကိုယ်ကို လေးစားနေသေးတယ်..
သူများက မရိုးမသား ကလိမ်ကကျစ် ကိုယ့်ကို ဒုက္ခပေးနေတယ်ဆိုတာ သိနေတာတောင်မှ သူ့ကို ကိုယ်က ပြန်ပီး ဒုက္ခမပေး ကလိမ်မကျသေးတဲ့အဖြစ်ကိုပဲ.. ငါက ဒေါသသာကြီးပေမဲ့ စိတ်ယုတ်မမွေးသေးဘူး ဆိုပီး လေးစားနေမိတယ် ..

ahphyulay said...

အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ဆိုတော့ 
သမာဓိအားကောင်းဘို့  မြဲဘို့  တစ်ခုခု ကျင့် ကြံနေမှရမှာပါ။
ဥပေက္ခာ သဘောလဲပါမယ်လို့  ထင်တယ်လေ။
ချစ်အောင်လုပ်လာလဲမချစ်၊မုန်းအောင်လုပ်လာသူကိုလဲ
မမုန်း တတ်ပဲ ချစ်ခြင်းမုန်းခြင်းရဲ့  အလယ်ကောင်တည့် တည့်
မှာနေနေ တာလေ၊ အဲ့ ဒီသဘောလေး လို့ ထင်တယ်၊
ဘုန်းဘုန်းပြောချင်တာ..။

ဟန်ကြည် said...

တိုက်ပွဲတွေကြောင့် ပြေးနေလွှားနေရလို့ မရောက်ဖြစ်တာ ကြာသွားတယ်...ဒီပို့စ်ကို ဖတ်ပြီးတာကြာပြီ...ကွန်မန့်ပေးမယ် ကြံနေတုန်း တိုက်ပွဲထဖြစ်လို့ ပြေးနေရတယ် ညီမရေ...အခုတော့ ပြန်ရောက်နေပါပြီ...

အဖြူရောင်နတ်သမီး said...

မြိုသိပ်နိုင်သလောက်..
သီးခံနိုင်သလောက်..တော့ သီးခံတာပါပဲ..
ဒါပေမယ့်လည်း ပုထုစင်ဆိုတော့လည်း စိတ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာ..
ခက်သားလား။

ဖိတ်စာလာပို့ရင်း မှတ်သားစရာ စာလေးလည်း ဖတ်၊ မှတ်သွားတယ်သဇင်ရေ..။