/* ----- tynt --- */

Pages

Tuesday, December 14, 2010

လုပ်ဖြစ်နေတာ

မနက်ထဖို့  ဖုန်းကိုအမြဲအလန်းပေးထားတယ်။ ဒါပေမယ့် ထချင်တဲ့ အချိန်မှထတယ်။ တစ်ခါတလေ ပေးထားတဲ့ အလန်းအချိန်ထက်စောပြီး တစ်ခါတလေ နောက်ကျမှ ထဖြစ်တယ်။ ရေမိုးချိုးပြီး အလုပ်သွားဖို့ ပြင်တယ်။ မြတ်စွာဘုရားကို သောက်တော်ရေချမ်းနဲ့  ပန်းအိုးလဲကပ်ပြီး ၀တ်ပြုတယ်။ ဆွမ်းကတော့ အလုပ်သွားတဲ့ ရက်တွေမှာ သစ်သီးဆွမ်းကပ်ဖြစ်တာများတယ်။

ပြီးတာနဲ့ အိမ်ရှေ့ ကားမှတ်တိုင်ကနေ ကားစီးပြီး ရုံးသွားတယ်။ ကားပေါ်မှာ အေးတယ်၊ တွေးတယ်၊ ငေးတယ်။ တခါတလေ ဆွေးတယ်၊ လေးတယ်။ ရုံးနဲ့ အနီးဆုံး မှတ်တိုင်မှာ ဆင်းပြီး လမ်းဆက်လျှောက်ရတယ်။ လမ်းတစ်လျှောက်ကြည့်တယ်၊ လူတွေကြည့်တယ်၊ ကားတွေကြည့်တယ်၊ သနပ်ခါးပန်းပင်တွေကြည့်တယ်။ ဆောက်လက်စ အဆောက်အအုံတွေ ရဲ့တိုးတက်လာမှုတွေကို ကြည့်တယ်။ သူလိုတုန်းက ထီးကပ်ဆောင်းပြီး အခုတော့ ပြုံးပြတာ ပြန်နှုတ်မဆက်တဲ့ အမြဲတမ်းဆုံနေကျ တရုတ်မကို လည်းကြည့်တယ်။

ရုံးရောက်တော့ ကွန်ပျူတာဖွင့်လိုက်တာနဲ့ မနေ့ က လုပ်လက်စတွေနဲ့ မနက်ဖြန်လုပ်ရမှာတွေကို ဒီနေ့ လုပ်တယ်။ တနေ့ တာ အထိအတွေ့ ဆုံးအရာဟာ ကီးဘုတ်က ခလုတ်တွေပဲဖြစ်လိမ့်မယ်။ ဂျီမေးဖွင့်တယ်။ အီးမေးတွေ အကုန်ဖတ်တယ်။ ဖေ့ဘုတ်က alert mail တွေ တွေ့ ပြန်ရင် မနေနိုင်၊ မထိုင်နိုင် ၀င်ကြည့်ဖြစ်တယ်။ အလုပ်ဆက်လုပ်တယ်၊ လုပ်တယ်။ ခိုင်းထားတဲ့ အလုပ်လုပ်နေတုန်း နောက်ထပ် အလုပ်မလာရင်ဘဲ ဖြစ်ဖြစ်၊ လက်ရှိအလုပ်အကြောင်း ထပ်ပြောစရာမရှိရင်ဘဲ ဖြစ်ဖြစ် ဘယ်သူမှ ကိုယ့်ကို အရေးလုပ်ပြီး စကားလာပြောမယ့်သူ မရှိဘူး။ ရုံးမှာကိုယ်ကလွဲလို့ ကျန်တာ ယောက်ျားလေးတွေချည်းပဲ ရှိနေလို့ လည်းဖြစ်လိမ့်မယ် ထင်တယ် စကားသိပ်နည်းကြတယ်။ နေ့လည်ထမင်း စားမယ်ဆိုရင်တော့ ခေါ်တယ်။ "thazin, go for lunch?"။ sms ပို့ တဲ့အတိုင်းပဲ တိုတိုနဲ့ လိုရင်းပဲ။ နေ့ လည်စာ စားချိန်ဟာလည်း တစ်နေ့ ထက်တစ်နေ့ နောက်ကျကျလာတယ်။ ဒီရက်ပိုင်းတွေမှာ ထမင်းသွားစားတဲ့အခါ ကန်တင်းမှာရှိတဲ့ ၂ ဆိုင်းတည်းသော ထမင်းဆိုင်မှာ ထမင်းကုန်သွားပြီ။ ခေါက်ဆွဲတော့ရှိသေးတယ်။

ထမင်းစားချိန်ဟာလည်း မိနစ် ၂၀ ထက်မပိုဘူး။ ပြီးတာနဲ့ အလုပ်ဆက်လုပ်တယ်။ custom message တွေပြောင်းပြောင်းနေတာတော့ gmail မှာတွေ့ နေတဲ့ လူတွေမြင်ပါလိမ့်မယ်။ ကြာရင် ပါးစပ်ကစကားမပြောဘဲ စာတွေနဲ့ ပဲ ပြောတတ်တော့မှာ စိုးရိမ်မိပါတယ်။ အလုပ်ဆက်လုပ်ပါတယ်။ ၇ နာရီဝန်းကျင်လောက် ပြန်ဖို့ ပြင်ပါတယ်။ ထုံးစံအတိုင်း ရုံးကနေ ကားဂိတ်ကို လမ်းလျှောက်ထွက်ရတယ်။ အခုတလော မိုးတွေရွာတော့ ချော်လဲမှာစိုးတာနဲ့ ဖြေးဖြေးလျှောက်တော့ စီးနေကျကားလွတ်လွတ်သွားတယ်။ ဒါတောင် တနင်္ဂနွေနေ့ က အိမ်အောက်ရောက်မှ လှေကားအတက်မှာ မှောက်ရက်လဲလို့  ဒူး၂ဖက် အညိုအမည်းစွဲနေပြန်တယ်။ ဒါနဲ့ ပါဆို စလုံးရောက်မှ ချော်လဲတာ ၃ ခါရှိပြီ။ ခြေမခိုင်ဘူးထင်တယ်။

အိမ်ရောက်တော့ မြတ်စွာဘုရား သောက်တော်ရေချမ်းနဲ့ ပန်အိုးကို လဲကပ်တယ်။ရေချိုးတယ်။ ထမင်းစားတယ်။ ဒါနဲ့ ပဲ ၉ နာရီ ကျော်လောက်ရောက်သွားတယ်။ ကွန်ပျူတာဖွင့်တယ်၊ ဂျီတော့ဖွင့်ထားတယ် ဘယ်သူနဲ့ မှ သေချာစကားမပြောဖြစ်ဘူး။ ဖေ့ဘုတ်ဖွင့်ထားတယ် ဘာမှလည်း ရေရေရာရာမသုံးဖြစ်ဘူး။ youtube ဖွင့်ထားတယ် နားထောင်နေကျ သီချင်းပဲ လိုက်ရှာနားထောင်တယ်။ google reader ဖွင့်ထားတယ် အသစ်တွေ့ ရင်ဖတ်တယ်။

၁၁နာရီ ထိုးပြီ။ အချိန်ကုန်သွားပြီ။ အိပ်ဖို့ ပြင်တယ်။ သွားတိုက်မယ်၊ ဆေးသောက်မယ်။ ပြီးရင် ဘုရားဝတ်ပြုမယ်။ အိပ်ရာဝင်တိုင်း အိပ်ပျော်ဖို့ သိပ်ခက်တယ်။ ဒါဟာ အရင်ဘ၀တွေက ၀ဋ် ပါလာလာ ဖြစ်နိုင်တယ်။ ချမ်းသာစွာ အိပ်စက်ရခြင်း ဆိုတဲ့ မေတ္တာအကျိုးမခံစားရတာလည်း ဖြစ်နိုင်တယ်။ ချက်ခြင်းအိပ်ပျော်သွားတယ်ဆိုတာ အင်မတန်ရှားတယ်။ ငယ်ငယ်ကဆို အမေထရိုက်ပြီး အိပ်ခိုင်းတဲ့အထိဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အိပ်ချင်ယောင်ဆောင်တတ်လာတယ်။ တခါတလေ မိုးလင်းသွားတာကလွဲလို့  နောက်ဆုံးတော့လည်း အိပ်ပျော်သွားပါတယ်။

+++++

ငါ ဘာတွေလုပ်နေမိပါလိမ့် ဆိုတဲ့ မေးခွန်းကို မေးမိပြီး တွေးမိတာတွေ ချရေးကြည့်တာပါ။ chocothazin ခုတလော ဒီအလုပ်တွေလုပ်နေပါတယ်။

15 comments:

အနော် said...

နာလဲ မနက်မိုးလင်းကနေ မိုးချုပ်အထိ ဘာတွေလုပ်ဖြစ်နေပါလိမ့်.. သေချာပြန်စဉ်းစားဦးမှ .... :)

ahphyulay said...

အော်..
ကျွန်တော့် ဘော်ဒါကြီးက ကျွန်တော်နဲ့ လာတူနေပါလား၊
အဲ..ကျွန်တော်က ကျွန်တော့် ဘော်ဒါကြီးနဲ့ လာတူ
တာနေမှာပါ။ နေကောင်းပါရဲ့ လား..။ ဒီလိုနဲ့ ပဲ ဘဝနာရီ
တွေ ဖြတ်သန်းကုန်ဆုံးနေခဲ့ ကြတာကလား..။
ကျွန်တော်တော့  အသက် စ ရှုနေမိပြီ...။

ခင်တဲ့ 

withc83 said...

ဆင်တူတဲ့ လုပ်နေကျအရာလေးတစ်ချို့ကိုဖတ်ပြီး ပြုံးသွားပါတယ်။ :)

မောင်လေး said...

အေးဗျာ...ဒီလိုနဲ့ပဲ....။စကားမစပ် ကားပေါ်မှာ တွေးရငေး
ရတာတယ်အရသာရှိဗျနော်..။
အအိပ်ခက်တာ လိုပဲ အအိပ်ဆတ်တာလဲဆိုးတယ်ဗျ..။
အိပ်ကောင်းမှ ဘာမှမဟုတ်တာနဲ့ လန့်နိုးမိရော...။

အဖြူရောင်နတ်သမီး said...

ဟုတ်ပ...
တခါတလေ..တနေသာ ကုန်သွားတယ်..
ဘာအလုပ်မှမပြီးဘူး...

အုပ်ကြီး said...

အိပ်ချင်ယောင်လာဆောင်တယ်ဗျ....

မိုးစက်အိမ် said...

အချိန်ဆိုတာကကအလိုဖြစ်နေတော့တာ ကိုယ်ကမြန်ချင်
ပြီဆိုသူကနှေး ကိုယ်ကနှေးစေချင်ရင်သူမြန်နေသလိုဖြစ်နေ
ပြန်ရော အဓိက ကတော့စိတ်ပါ တစ်နေ့ တစ်နေ့ အချိန်သာ
ကုန်သွားတယ် ဘာမှတိုးတက်မလာဘူး(ကိုယ့်အဖြစ်ကို
ပြောပတယ်ဗျာ) :D

ချမ်းလင်းနေ said...

မချိုကိုးရေ ပျော်ရွှင်ဖွယ် ခရစ်စမတ်ညလေးဖြစ်ပါစေဗျာ။

Anonymous said...

တခုကျန်သေးတယ်၊ မဖြစ်မနေ လူတိုင်းလုပ် ရမယ့်  အလုပ်လေ၊ အနည်းဆုံး မနက် တခါ ညတခါ။
#### :) @@

ဟန်ကြည် said...

ဘ၀ဆိုတာ ဒီလိုပါပဲ ညီမရယ်...

တစ်ခါတစ်လေ ဘာတွေများ လုပ်နေပါလိမ့်လို့ ကိုယ့်ကိုယ်ကို ပြန်မေးယူရတယ်...

ခရီးသွားနေမိတာကြောင့် နှစ်ကူးဆုတောင်းနောက်ကျသွားတာ စိတ်မရှိပါနဲ့...၂၀၁၁နှစ်ကူးမှသည် ၂၁၁၀အထိ ငါ့ညီမတစ်ယောက် ပျော်ရွှင်တက်ကြွတဲ့ နေ့ရက်တွေကို နေ့စဉ်ပိုင်ဆိုင်နိုင်ပါစေ...

ဟန်ကြည် said...

ဘ၀ဆိုတာ ဒီလိုပါပဲ ညီမရေ...တစ်ခါတစ်ခါ တစ်ရက်ပြီးတစ်ရက် ဘယ်လိုကုန်သွားမှန်းတောင် သတိမထားလိုက်မိလို့ ကိုယ့်ကိုယ်ကို ဘာတွေလုပ်ဖြစ်နေတယ်ဆိုတာတောင် တော်တော်ပြန်စဉ်းစားယူရတယ်...

ခရီးသွားနေဖြစ်တာကြောင့် နှစ်ကူးဆုတောင်း နောက်ကျသွားတာ ခွင့်လွှတ်ပါဦး...
“၂၀၁၁နှစ်ကူးမှ ၂၁၁၀အထိ ပျော်ရွှင်တက်ကြွတဲ့ နေ့သစ်တွေကို နေ့စဉ်နေ့တိုင်း ပိုင်ဆိုင်နိုင်ပါစေ ညီမရေ”

Han Kyi said...

မောင်မောင် said...

တနေ့  တာ လုပ်နေရ ထဲက တခုခု ကျန်ပါသေးတယ်၊ အိမ်သာ တက်ရ ဦးမယ်လေ။
အိမ်သာ တက် ဖို့  တန်းစီ ရ ဦးမယ်လေ၊