ရွှေမန်းကိုတင်မောင်၊ ဓမ္မကထိကဦးလှသိန်း၏ညီ မုံရွာမြို့ စာရေးဆရာ ကိုလေးခန့် ၊ ဆန်းညွန့်ဦး ဦးလှခင်၊ ကျွန်တော်နှင့် ကျွန်တော့်ညီ အပါအဝင် လူငါးဦးမျှသာ ဖြစ်ပါသည်။
စကားဝိုင်းအစမှာ ဇာတ်သဘင်အကြောင်၊ ဂီတအကြောင်း၊ ရုပ်ရှင်အကြောင်းမျှသာ ဖြစ်သော်လည်း ဝိပဿနာတရား အရသာဘက်သို့  စကားဦးလှည့်ခဲ့မိကြသည်။
ရွှေမန်းကိုတင်မောင်ကိုယ်တိုင်တရားဓမ္မနှင့်ပတ်သတ်၍ ဗဟုသုတများစွာရှိသည်။ ဗဟုသုတရှိသလောက် တရားစကား အပြောကောင်းသည်ကို သူ့ ပရိသတ်မှန်သမျှ သိကြပေလိမ့်မည်။ ဇာတ်စင်ပေါ်တွင် ကပြ အသုံးတော်ခံရင်း ဇာတ်လမ်းဇာတ်ကွက် အလိုက်သာ တတွတ်တွတ်နေအောင် ပြောတတ်သည်မဟုတ်၊ အိမ်မှာနေရင်း မိတ်ဆွေ အပေါင်းအသင်းများနှင့် တွေ့ သည့်အခါတွင်လည်း အကြောင်းဆိုက်ရာတိုင်း ကရားရေသွန် အဆက်မပြတ် ပြောဟောနိုင်သည်၊ သူကား စကားပြောဖို့ ဝါသနာပါသူတည်း၊ ကြားနာရသူများဘက်ကလည်း မပျင်းမရိ စိတ်ဝင်စားစရာ ဖြစ်ဘိသည်။
ထိုနေ့ ကဆိုလျှင် သူ့ ထံမှစကားတစ်ခွန်းရခဲ့သည်။ သူ့ စကားမှာ စကားထူး စကားဆန်းဟု မဆိုသာပါ။ သို့ သော် မဆန်းသော်လည်း ထူးသည်ဟု ကျွန်တော်က ဆိုရပါမည်။ ထိုစကားကို ကျွန်တော်က ဖောက်သည်ချရမည်ဆိုလျှင် -
"တရားထိုင်ခြင်းရဲ့ အကျိုးတရားတွေ ဆရာကပြောနေတော့ ကျွန်တော်နားထောင်နေရင်း စဉ်းစားမိတာကလေးတစ်ခု ပေါ်လာတယ်"
"ဆိုစမ်းပါဦး၊ ဘယ်လိုစဉ်းစားမိလို့ လဲ"
"စဉ်းစားမိတာ အဆန်းတော့ မဟုတ်ပါဘူး၊ တရားထိုင်တယ်ဆိုတာ မိမိရဲ့စိတ်ကို သိမ်းဆည်းခြင်း၊ ချုပ်ထိန်းခြင်း၊ စောင့်၍ကြည့်ခြင်း၊ ဒီသဘောတွေပဲ မဟုတ်လားဆရာ၊ ပါဠိတွေတော့ ရှိသပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့  နားလည်လွယ်တဲ့ အရပ်စကားနဲ့  ပြောကြရမှအားရလို့  ဒီအတိုင်းပဲပြောကြပါစို့ "
"ဟာ - ဟုတ်တာပေါ့၊ တရားကိုသိခြင်းဆိုတဲ့နေရာမှာ မိမိနားလည်သလို ဘဝင်ကျသွားတာကို ဆိုလိုတာပဲလို့  ကျွန်တော်တော့ သဘောပေါက်ထားတယ်။ ဘယ့်နှယ်လဲ ဦးလေးခန့် " ဟု ကျွန်တော်က ပြောသဖြင့် -
"ဟုတ်ပါတယ် ခင်ဗျာ၊ ဘုရားဟောတော်မူတဲ့ ဓမ္မကထာဆိုရင် ဘုရားကိုယ်တော်တိုင်ဟောတဲ့အခါ ဇာတ်တူတူ မတူတူ မိမိ၏ဘာသာ အယူဝါဒစကားနဲ့ နားလည်တယ်လို့ တောင်ဆိုထားတာပဲ၊ ကဲ - ဆက်စမ်းပါဦး ဦးတင်မောင်"
"တရားထိုင်တဲ့အခါ စိတ်ချမ်းသာခြင်းရှိနေတယ် ဆိုတာလဲဆရာတို့ ပြောနေကြတယ်နော်"
"ဟုတ်ကဲ့ ကျွန်တော်ပြောပါတယ်။ စိတ်ကို ပိုင်နိုင်စွာ ရှိသလောက် ချမ်းသာကြရတာတော့ လက်တွေ့ ပါပဲ"
"အဲ့သည်လို စိတ်ချမ်းသာတယ်ဆိုတဲ့စကားနဲ့  ပဋိပက္ခစကားကတော့ စိတ်မချမ်းသာခြင်း ဆိုတဲ့စကားပေါ့၊ ကျွန်တော်တို့ တစ်တွေ ဒီစကားကို နည်းနည်းကလေး အဆင်မပြေတာနဲ့ တွေ့ လိုက်တိုင်း ပြောကြတယ်၊ ညည်းကြတယ်၊ ငိုခဲ့ကြတယ်၊ သောကဖြစ်ခဲ့ကြတယ်၊ ပူပန်ကြောင့်ကြ ဝမ်းနည်းခဲ့ကြရတယ်၊ တစ်ခါတစ်ရံများ ပေါက်ကွဲဒေါသ ဖြစ်ခဲ့ကြရတယ်။ တချို့ တလေများ စိတ်မချမ်းသာလွန်းလို့  ကိုယ့်ဘဝကိုယ်စွန့် ပစ်လိုက်တဲ့ လူတွေတောင်ရှိနေကြတယ်၊ ဒါတွေဟာ စိတ်မချမ်းသာလို့ ပဲ"
"ဟုတ်သပေါ့ဗျာ၊ အခိုက်အတန့် အားဖြင့် တွေ့ ကြုံခံစားရတဲ့ လောကဓံကို ကြံ့ကြံ့ခိုင်ခိုင် နိုင်အောင် မတွန်းလှန်နိုင်တဲ့ စိတ်ကြောင့်လို့ ဆိုရမှာပေါ့"
"အဲဒါကို ကျွန်တော်စဉ်းစားမိတာပဲ"
"လုပ်စမ်းပါဦး၊ ဘယ်လိုစဉ်းစားမိတာလဲ"
"ကျွန်တော်စဉ်းစားမိတာက လောကဝေါဟာရအားဖြင့် ငွေကြေးများများရှိတဲ့လူကို ငွေချမ်းသာတယ်လို့ ခေါ်ကြတယ်၊ အဲ့သည်စကားနဲ့  တစ်စပ်တည်း တွေးကြည့်လိုက်တော့ စိတ်များများရှိတဲ့လူကို စိတ်ချမ်းသာတယ်လို့ ခေါ်ရလိမ့်မယ်၊ စိတ်များများမရှိတဲ့လူကို စိတ်မချမ်းသာဘူး စိတ်ဆင်းရဲတယ်၊ ဒီလိုပဲ ခေါ်ကြရလိမ့်မယ်"
"အံမယ် - ဒီစကား ဆန်းသဗျို့ ၊ ကဲ - ဆက်စမ်းပါဦ ခင်ဗျာ"
ဦးလေးခန့် က စိတ်ပါလာ၍ ရှေ့ သို့ ကိုယ်ပါညွှတ်လာပြီးမေးလိုက်သည်။ ကျွန်တော်ကတော့ သူ့ ကိုကြည့်ရင်း သူ့ စကားကို နက်နက်နဲနဲစဉ်းစားနေမိ၏။
"ကျွန်တော့စကားက မဆန်းပါဘူး၊ ငွေကို များများ စုဆောင်းတဲ့လူဟာ ငွေချမ်းသာတဲ့လူ ဖြစ်မယ်။ ငွေများများရအောင် မစုဘဲ လက်လွတ်စပယ် ပေါ့ပေါ့ရ ပေါ့ပေါ့သုံး လွယ်တိုင်း သုံးနေတဲ့လူဟာ ငွေမချမ်းသာနိုင်သလို ငွေဆင်းရဲရသလို၊ စိတ်ကိုလဲ ပေါက်လွှတ်ပဲစား သုံးဖြုန်းပစ်ရင် စိတ်မချမ်းသာဘူး စိတ်ဆင်းရဲတယ်ဆိုတဲ့အဖြစ်မျိုးရောက်လာနိုင်တယ်ဆိုတာ ကိုယ့်ဗမာစကားနဲ့ ကိုယ် တွေးယူမိလို့ ပြောတာပါ၊ တရားထိုင်တယ်ဆိုတာ စင်စစ်တော့ စိတ်ကို ထိန်းသိမ်းခြင်း၊ ဆောက်တည်ခြင်း၊ ပွားများအောင် လေ့ကျင့်ခြင်း၊ မပျံ့ လွင့်စေခြင်း ဆိုတဲ့ အကျိုးသဘောသက်ရောက်နိုင်တဲ့ ကိစ္စမဟုတ်လား"
"ဟာ ခင်ဗျားအတွေးကို ကျွန်တော် ကြိုက်လိုက်တာဗျာ၊ ကျွန်တော် သဘောပေါက်ပြီ ကိုတင်မောင်ရေ" ဟု ကျွန်တော်က အားပါးတရ သူ့ ပေါင်ကို ပုတ်ရင်းပြောလိုက်မိသည်။ ဦးလေးခန့် နှင့် ကိုလှခင်တို့ ကလည်း ခေါင်းညိတ်နေကြသည်။ သို့ သော် ကိုတင်မောင်က သူ့ စကားကိုရပ်ဆိုင်း၍ မသွားအောင် ဆက်၍ပြောလိုက်ပြန်သည်။
"ငွေချမ်းသာတဲ့အကျိုး ကျွန်တော်တို့ လက်တွေ့ ဘယ်လိုသိကြရသလဲ၊ သုံးစရာ စွဲစရာ ရင်းနှီးစရာ အကျိုးရှိရာရှိကြောင်းမှန်သမျှ အားပါးတရလုပ်နိုင်ကြတယ်၊ အကျိုးရှိရာမဟုတ်လို့  အကျိုးမဲ့အံ့သော ဘေးအန္တရာယ်ကို ကာကွယ်လွန်မြောက်နိုင်ဖို့ သုံးစရာစွဲစရာ ဆိုပြန်တော့လည်း အလွယ်တကူထုတ်သုံးနိုင်တယ်၊ ဒါဟာ အပျော်အပါး အစားအသောက်အနေအထိုင်မှာ မဟော့ရမ်းဘဲ ရောင့်ရဲစွာ ကျစ်လစ်ခြိုးခြံပြီးတော့ ပွားသထက်ပွား များသထက်များအောင် စုဆောင်း သိမ်းဆည်းခြင်းရဲ့အကျိုး၊ တစ်မျိုးပြောရရင်ငွေရှင် ကြေးရှင် ငွေချမ်းသာသူဖြစ်ရတဲ့အကျိုးပေါ့"
"ဟုတ်သဗျို့ ခင်ဗျားစကားကို ကြိုက်ပြီ၊ ရှေ့ သာဆက်စမ်း"
"ရှေ့ ဆက်ရမှာဖြင့် စိတ်ကျတော့လဲ ဒီအတိုင်းပါပဲ၊ ရူပါရုံကလေးနဲ့ တွေ့ လိုက် မိမိမျက်စိကလေးနဲ့ တွေ့ ပြီး စိတ်တွေကို ဒလဟောသုံးပစ်လိုက်၊ သဒ္ဒါရုံလေးနဲ့ တွေ့ လိုက် မိမိနားနှစ်ဖက်နဲ့ တွဲပြီး အရမ်းကာရော သုံးပစ်လိုက်၊ ဂန္ဓာရုံကလေးနဲ့ ကြုံလိုက် မိမိ၏ နှာခေါင်းနှစ်ပေါက်ရဲ့ အကူအညီယူပြီး စိတ်တွေကို ဖြုန်းတီးပစ်လိုက်၊ ရသာရုံတွေနဲ့ တွေ့ ဦးမလား၊ ကိုယ့်လျှာကလေး လက်နှစ်လုံးလောက်နဲ့  စိတ်တွေကို တစ်ပြုံကြီးထည့်ပြီး အရသာခံလိုက်၊ ဖောဋ္ဌဗ္ဗာရုံနဲ့ တွေ့ တော့ ဟား ဟား"
သူက ရယ်လိုက်သဖြင့် ကျွန်တော်တို့ ပါ ဝါးခနဲ ကျသွားကြရသည်။
"ဖောဋ္ဌဗ္ဗာရုံနဲ့ တွေ့ တော့ ဆက်လေဗျာ ဆက်လေ"
"အားလုံးသိတော်မူကြတဲ့အတိုင်းပါပဲ ဟား ဟား ဟား"
"မသိဘူးဗျို့ ၊ ကျုပ်တို့ မသိဘူး၊ ခင်ဗျားစကား ခင်ဗျား ဆက်ပေး၊ ဘာရမလဲ"
"ကဲ - ဖောဋ္ဌဗ္ဗာရုံနဲ့တွေ့ တော့ ကိုယ်ကာယတစ်ခုလုံးနဲ့ စိတ်တွေကို အိတ်သွန်ဖာမှောက်သုံးပစ်လိုက်ကြတာပဲ မဟုတ်လားဆရာ၊ အဲဒါအာရုံငါးပါးနဲ့ တွေ့ တုန်းကြုံတုန်းသုံးပစ်လိုက်ကြတာနော်၊ တစ်နေ့ လဲမဟုတ် တစ်ရက်လဲမဟုတ်၊ တစ်လလဲ မဟုတ်၊ တစ်နှစ်လဲမဟုတ်၊ ကိုယ့်နာမ်မှာ အသွင်းမရှိ အထုတ်ချည်းပဲ သုံးနေကြတာ၊ စာရင်းများမှာ အဝင်အထွက်ရှိသလို စိတ်မှာလဲ အဝင်နဲ့ အထွက်မမျှတော့ တဖြည်းဖြည်း ဆင်းရဲမယ့် လမ်းစ ရောက်လာနိုင်ကြတာ ပြောပါတယ်"
"ကဲဗျာ အာရုံငါးပါးနဲ့ မကြုံတော့ကော စိတ်ကိုမသုံးဘဲ ထားကြသလား"
သူ့ စကားအပြတ်တွင် ကျွန်တော်ကစောဒက တက်လိုက်ပါသည်။
"အဲ - ဆရာမေးမှပေါ်သဗျို့ ဟုတ်ပေသပေါ့၊ အာရုံငါးပါးနဲ့  မတွေ့ ဘဲ ကိုယ့်ခြင်ထောင်ထဲ ကိုယ်အိပ်နေတော့ကော စိတ်အသုံး ရပ်မလား၊ မရပ်တဲ့အပြင် သာလို့ ဆိုး ထိုးသာချလိုက်တော့ ဒကာမကြီးရေဆိုသလို ဓမ္မာရုံဆိုတဲ့အတွေးစိတ်အကြံစိတ်တွေက ဆွဲသွားလိုက်တာ ကိုယ့်မှာရှိစုမဲ့စု ကျန်နေတဲ့ စိတ်ကလေးဟာ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ အဘိဇ္ဈာ၊ ဗျာပါဒဆိုတဲ့ အပေါင်းအသင်းတွေကြောင့် ကုန်းကောက်စရာ မရှိလောက်အောင် စိတ်တွေ ကုန်ပါလေရော၊ အဲသည်အခါလဲကျရော ငွေအသုံးများလို့  ငွေကိုကုန်သလို စိတ်တွေ အသုံးများလွန်းလို့ စိတ်တွေကုန်၊ ငွေဆင်းရဲသလို စိတ်ဆင်းရဲ ငွေမချမ်းသာသလို စိတ်မချမ်းသာ၊ သံသရာတစ်လျှောက်လုံး လောဘရယ်၊ ဒေါသရယ်၊ ဟောဟရယ် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဟဲ ဟဲ ဒါက ဆရာ့သီချင်းပဲ" အားလုံးဝိုင်း၍ရယ်ကြရပြန်ပါသည်။
"သာဓုဗျာ သာဓု သာဓု၊ ကိုတင်မောင့်စကားက မဆန်းဘူးဆိုပေမယ့် ကြားရဖန်များလို့ သာ မဆန်းသလိုရှိပေမယ့် စိတ်ကူးနဲ့ အကောင်အထည်ဖော်လိုက်တော့ ထူးကို တကယ်ထူးနေတာပါပဲကလား၊ ကျွန်တော်တို့ မှာ ပရိယတ္တိဆိုတဲ့စာတွေ ပါဠိတွေ ကျမ်းဂန်တွေက တတ်ကျွမ်းခဲတာမဟုတ်တော့ အဲသလို လက်တွေ့ ကလေးနဲ့ မှပဲ ထင်းခနဲ ထင်းခနဲ ဖြစ်ရတာပါဗျာ၊ ခင်းဗျားစကား ကျွန်တော်ပီတိဖြစ်ရပါပေတယ်၊ ကျွန်တော်တို့  ဗမာစကားများ တရားနဲ့ ယှဉ်တွေးရင် အနက်အဓိပ္ပာယ်လေးလေးပင်ပင်နိုင်တဲ့ ဝေါဟာရတွေပါကလားဗျာ၊ 'သဘောကျတယ်' ဆိုတဲ့စကားမျိုး၊ 'သည်းခံလျှင် နိဗ္ဗာန်ရောက်' ဆိုတဲ့စကားမျိုး၊ 'အောင့်နိုင်လျှင်အကျိုးရှိ' တဲ့၊ 'သတိသည် ပိုသည်မရှိ' တဲ့၊ 'စိတ်သာရှင်စော ဘုရားဟော' တဲ့၊ 'အလောသုံးဆယ် အလယ်သုံးဇော' တဲ့၊ 'ငါ့ကိုသေအောင်သတ်၊ ငါသေမှ နိဗ္ဗာန်ရမယ်' ဆိုတဲ့စကားမျိုး အများကြီးရှိပါသေးတယ်ဗျာ"
သူ့ စကားအပြတ်တွင်ကျွန်တော်က ဖြတ်၍ပြောရသည်။ ဒါကိုသူက ခေါင်းညိတ်၍ဆက်ပြောပြန်၏။
"အဲ့သည်တော့ ကျွန်တော်က ဆက်တွေးမိပြန်ပါတယ်။ ကျွန်တော်တို့ တစ်တွေ စိတ်တွေကို အသုံးလွန်လွန်းအားကြီးတော့ တကယ့်အရေးအကြောင်း သုံးစရာတွေ့ လာတော့ မသုံးနိုင်ကြတော့ဘူးပေါ့ ခင်ဗျာ၊ ဥပမာ လောကဓံ၏ အနှိပ်အစက်၊ ဇရာရဲ့အနှိပ်အစက်၊ ဗျာဓိရဲ့ နိုင်လိုမင်းထက်၊ မရဏရဲ့ အဆွဲအငင်ကျတော့ ကယ်ပါ ယူပါ ကသီလင်တ မရှုမလှနဲ့ ဆင်းရဲ ပင်ပန်းကြီးစွာ ခံကြရတော့မှာပေါ့။ ဒါကြောင့် ဒီလိုအရေးတစ်စုံကြုံလာရင် ခံနိုင်ဖို့ သုံးနိုင်ဖို့  စိတ်ကို နာမ်ဘဏ်တိုက်ထဲ စာရင်းသေ အတိုးများများရအောင်အပ်ကြရမယ်ဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။ တရားထိုင်တယ် ဆိုတာ ကျွန်တော့်အတွေးအခေါ်နဲ့ ပြောရရင် စိတ်ကို မကျိုးမပဲ့ မပေါက် မကြား မပြန့် ပွား မလေလွင့်အောင် ချုပ်တည်း ဆည်းပူး စုဆောင်းခြင်းလို့  ကျွန်တော်လက်ခံပါတယ်"
"ကဲ - ဒါဖြင့် ခင်ဗျား ဘယ်နေ့ ကစပြီး အပ်မလဲ"
"ဟဲ ဟဲ ဒါကတော့"
"ဘာလဲ ခင်ဗျားက ဖောဋ္ဌဗ္ဗာရုံမှာ ခပ်များများသုံးဘို့ ကစ်ထားဦးမလို့ လား"
"ဟား ဟား ကျွန်တော်က လက်မဖွာတတ်ပါဘူး ဆရာရယ်၊ နေ့ နည်းနည်း ညနည်းနည်း အပ်သွားပါ့မယ်၊ သင်္ကြန်ရက် ငါးရက်မှာတော့ ငါးရက်စလုံး ဘဏ်တိုက်မှာကို သွားအပ်ပါ့မယ်"
"သာဓုဗျာ သာဓု"
ဤသို့ ဖြင့် မဆန်းသော်လည်း ထူးနေသော ကိုတင်မောင်၏ "စိတ်ချမ်းသာခြင်း" စကားရပ်မှာ ငွေချမ်းသာလျှင် လောကီကိစ္စအဝဝ၌ ဘောဂသမ္ပတ္တိ ရှိနိုင်သကဲ့သို့  စိတ်ချမ်းသာလျှင်ကား လောကုတ္တရာကိစ္စ၌ မွေ့ လျော်နိုင်ကြလိမ့်မည် ဖြစ်ပါသတည်း။
သုခီအတ္တာနံ ပရိဟရန္တု
သုခ
သုခ
*** ဆရာကြီး ဦးသုခ၏ သုခ နှင့် သုခ စာအုပ်မှ ကူးယူပါသည်။
ယနေ့ နှစ်ဆန်းတစ်ရက်မှစ၍ စိတ်ချမ်းသာသူများ ဖြစ်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

2 comments:
အင်း...
ဆရာကြီးဦးသုခလက်ရာကတော့  ကောင်းပြီး
သားပါပဲ။ ဆရာကြီးက သူနေခဲ့ တဲ့ လောကကြီးကို
ဘယ်လောက် ကောင်းကျိုးပေးခဲ့ ပါသလဲဆိုရင်
သူ့ သားတပည့်  ကိုကျော်သူကသူ့ စကား နား
ထောင်ပြီးနာရေးကူညီမှုအသင်းကြီးကို တည်ထောင်
ဦးဆောင်ပြီး လုပ်ငန်းတွေလုပ်နေတာယနေ့ အထိ
ပါပဲ။
စိတ်ကလေးကို ပိုင်ဘို့  ဆိုတာကတော့  သူရေးထား
တဲ့  အတိုင်း လေ့ ကျင့်ဘို့ ပါပဲ။ စိတ်အကြောင်း
ပြောရင် နောက်က စေတသိပ်အကြောင်း ပါရမယ်
နော်...။
တန်ဖိုးရှိလိုက်တဲ့ စာသားတွေနဲ့၊ အကျိုးပြုပိုစ့်လေးပါလား။
Post a Comment