ကျွန်မတို့ အိမ်နားက လမ်းပလက်ဖောင်းလေးပေါ်မှာ ဓါတ်တိုင်နဲ့  တွဲချည်ထားတဲ့ စက်ဘီးကလေးတစ်စီးရှိတယ်။ အတိအကျပြောရရင် ကျွန်မအိမ်ကနေ သူ့ အိမ်သွားတဲ့ လမ်း ဒါမှမဟုတ် သူ့ အိမ်ကနေ ကျွန်မအိမ်ပြန်တဲ့ လမ်းကလေးမှာ စက်ဘီးကလေး တစ်စီးရှိနေခဲ့တယ်။
တနေ့ ကျွန်မနဲ့ သူ တူတူလျှောက်လာတုန်း သူကဆိုလာပါတယ် "အဲ့စက်ဘီးကလေးက ပိုင်ရှင်မရှိတော့ဘူး" တဲ့။ သူပြောတုန်းကတော့ ကျွန်မအလေးမထား မိပါဘူး။
ဒီလမ်းဟာ ကျွန်မနဲ့ သူ ခဏခဏ ဖြတ်လျှောက်ရတဲ့ လမ်းမို့  စက်ဘီးကလေးဘေးကလည်း ဖြတ်လျှောက်ရပါတယ်။ သူကထပ်ပြောပါတယ် "စက်ဘီးကလေးက ဒီနားမှာ ရှိနေတာကြာပြီကွ။ ဘယ်သူမှ လာပြန်မယူတော့ဘူး"။ ဒီတစ်ကြိမ်တော့ ကျွန်မလည်း သတိထားမိသွားပါပြီ။ အမြဲတမ်း အငြင်းသန်တဲ့ ကျွန်မက သူ့ စကားကိုပြန်ငြင်းပါတယ် "သြော် - စီးတဲ့အခါလာယူပြီး ပြန်လာထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ လာမယူဘဲနဲ့ တော့ မနေပါဘူး။ စက်ဘီးက အကောင်းကြီးရှိသေးတာကို။ ပြီးတော့ သော့နဲ့ ဘာနဲ့ သေချာထားထား တာကိုပဲ။" သူကလည်းပြန်ငြင်းပါတယ်။ "မဟုတ်ပါဘူးကွာ၊ ဘီးအောက်မှာ ရေညှိလေးတွေ၊ သစ်ရွက်ခြောက်တွေတောင် ကပ်နေတာ၊ သေချာလည်းကြည့်ဦး"။
ဟုတ်ပါတယ် စက်ဘီးကလေးရဲ့အောက်ခြေမှာ ရေညှိလေးတွေ၊ သစ်ရွက်ခြောက်လေးတွေ ကပ်ငြိနေပါတယ်။ စက်ဘီးကလေးက အမည်းရောင်လေးဆိုတော့ ဖုန်မှုန့် တွေ တက်နေတာလည်း ပိုသိသာနေပါတယ်။ "အင်း ဟုတ်တယ်နော်။ ဘာလို့ လာမယူတာလဲမသိဘူး"။ ကျွန်မနဲ့ သူ စက်ဘီးလေး ဘေးနားရပ်ပြီး အတွေးတွေပွားခဲ့ကြသေးတယ်။
စက်ဘီးလေးရဲ့ ပိုင်ရှင်က စက်ဘီးလေးကို နောက်ဆုံးထားခဲ့ပြီး မပြောကောင်း မဆိုကောင်း တခုခုများ ဖြစ်သွားတာလားမသိဘူးနော်။
စက်ဘီးလေးရဲ့ ပိုင်ရှင်က စက်ဘီးလက်ဆောင်ပေးတဲ့ လူနဲ့ များ စိတ်ဆိုးပြီး လာမယူတော့တာလဲ ဖြစ်နိုင်တာပဲ။
စက်ဘီးလေးကို တူတူစီးတဲ့ ချစ်သူနှစ်ယောက်၊ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးပြီး ပြတ်သွားကြလို့  စက်ဘီးလေးကို ပြစ်ထားလိုက်တာဆိုရင်ရော ဟင်။
ပြီးတော့ စက်ဘီးထားတဲ့နေရာလည်း မဟုတ်၊ ဘူတာရုံနဲ့ နီးတဲ့နေရာလည်း မဟုတ် လမ်းခုလပ်က ဓါတ်တိုင်မှာ သံကြိုးလေးချည်ပြီး သော့ခတ်ထားတာဆိုတော့ စိတ်ထဲမှာလည်း ဇဝေဇဝါ။
ကျွန်မဝမ်းပမ်းတနည်း စီကာပတ်ကုံးတွေးတောပြီး စိတ်မကောင်းစွာ ပြောနေမှန်းသိတော့ သူက စကားဖြတ်ပြောပါတယ်။ "သြော် ဒီနားတဝိုက်မှာ စက်ဘီးသူခိုးပေါလို့  သူခိုးထောင်ဖမ်းထားတာနေမှာပေါ့ကွာ"။
"ရှင်ကလည်း ဖြစ်နိုင်တာကို ပြောစမ်းပါ။ ခုဟာက ရဲစခန်းရှေ့  မှာ။ ဘယ်သူခိုးက လာခိုးမှာလဲ" လို့ ကျွန်မပြန်ငြင်းတော့ ထုံးစံအတိုင်း သူရယ်နေပါတယ်။
"ကဲပါကွာ အလကားနေ စိတ်မကောင်းစရာတွေ တွေးမနေနဲ့ တော့" ဆိုပြီး ကျွန်မကို အဲ့နေရာကနေ ခေါ်ထုတ်သွားပါတော့တယ်။
......
ဒီလိုနဲ့ ပဲ လပေါင်းများစွာ
ကျွန်မတို့ နှစ်ယောက် အဲ့ဒီလမ်းကလေးပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စနောက်၊ ရန်ဖြစ်ရင်း ဖြတ်သွားတဲ့အခါ
စက်ဘီးကလေးကတော့ နေမြဲနေဆဲပါပဲ။
ကျွန်မတို့ နှစ်ယောက် အဲ့ဒီလမ်းကလေးပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်လို့ စကားမပြောဘဲ ဖြတ်သွားပေမယ့်လဲ
စက်ဘီးကလေးကတော့ သူ့ သံကြိုးနဲ့ သူ ချည်နှောင်မြဲ ချည်နှောင်ဆဲပါပဲ။
ကျွန်မတို့ နှစ်ယောက် အဲ့ဒီလမ်းကလေးပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားနိုင်လုပြီး အငြင်းပွားရင်း ဖြတ်သွားပေမယ့်လဲ
စက်ဘီးကလေးကတော့ မလှုပ်မယှက် ပိုင်ရှင်မဲ့နေဆဲပါပဲ။
ဟိုတနေ့ က ကျွန်မတစ်ယောက်တည်း ဖြတ်သွားရင်းနဲ့  စက်ဘီးလေးနားရောက်သွားခဲ့သေးတယ်။ စက်ဘီးလေးကိုကြည့်လိုက်တော့ ရေညှိလေးတွေက စိမ်းလို့  ၊ ဖုန်တွေလည်း ပိုများလာပြီ၊ သူ့ သံကြိုးလေးနဲ့  သော့လေးတောင် သံချေးတွေတက်နေပါရောလား။ စက်ဘီးကလေးနဲ့ ပါတ်သတ်ပြီး အတွေးတွေမရှိတော့ပေမယ့် စိတ်ထဲမှာ အမည်ဖော်လို့ မရတဲ့ ခံစားချက်တစ်ခုခုနဲ့  "သြော် စက်ဘီးလေးရယ်" လို့ ပဲ ပြောဖြစ်ခဲ့ပါတယ်။

3 comments:
အင်း စက်ဘီးကလေးကို အားကျချင်သလိုလို ရှိပေမယ့် သံကြိုးနဲ့ သော့ကိုတော့ မလိုချင်ပါဘူး ညီမရေ...အတွေးစလေးတွေပေးတဲ့ အစမ်းစာကောင်းလေးပါ...
တစ်ချိန်တော့ ပိုင်ရှင်ပေါ်လာမှာပါ။ အတွေးစတစ်ခုကနေဆွဲထုတ်ထားတား ဖတ်လို့ကောင်းတဲ့ ပို့(စ်)လေးပါပဲ choco ရေ။
စက်ဘီး မှာ ပိုင်ရှင် ရှိပါတယ်၊
:P
Post a Comment