နင် ယုံရဲ့လား
ပေါ့ပျက်ပျက် ရမ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ငါ့ ရင်ထဲမှာ
မင်းအတွက် လေးနက်ခြင်းတွေရှိတယ်။
နင် သိရဲ့လား
မထီမဲ့မြင်နဲ့
လောကကြီးအတွက် ကဗျာမဆန်တဲ့
ငါ့ ရင်ထဲမှာ
နင့် အတွက် ဂီတသံစဉ်တွေ ရှိနေတယ်။
နင် ထင်ရဲ့လား
ပြုံးစပ်စပ် မျက်နှာပေးနဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့် အတွက် လွမ်းဆွတ်ခြင်းတွေရှိတယ်။
နင် မြင်ရဲ့လား
မချစ်တတ်ဘူး နင်ထင်ထားတဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်။
နင် သိထားပါ
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
ငါ့ ရဲ့ရင်ထဲမှာ
မာနတရားတွေ ရှိနေတယ်ဆိုတာ...။
+++++
၉ တန်းကျောင်းသူဘဝတုန်းက အတန်းထဲက သူငယ်ချင်းတွေစုပြီး ကဗျာတွေရေးကြတယ်၊ ကဗျာစာအုပ်လေးတွေရိုက်ကြတယ်။ အဲ့ဒီအချိန်တုန်းက သဇင်ကတော့ သူငယ်ချင်းတွေလုပ်သမျှ ငေးမောနေခဲ့ပြီး၊ အားပေးရုံသက်သက်ဖြစ်ခဲ့တဲ့ စာဖတ်ပရိသတ်ပေါ့။ ဒီကဗျာလေးကို သူငယ်ချင်း သွယ်သွယ် နဲ့ ဇွဲ တို့ နှစ်ယောက်ရေးခဲ့ပါတယ်။ ငယ်ငယ်ကအမှတ်တရပစ္စည်းလေးတွေကို သိမ်းထားတတ်တဲ့ ဗီရိုထဲမှာ သူတို့ ကဗျာ စာရွက်လေးတွေရှိနေပါသေးတယ်။ ဒီကဗျာလေးကို ဘလော့ပေါ်တင်ဖို့ လည်း draft ထဲမှာထည့်ထားတာကြာပါပြီ ... မတင်ဖြစ်သေးတာ။ တိုက်ဆိုင်စွာပဲ ဒီနေ့ ခေတ်စားနေတဲ့ မေ ၃၁ ဆိုတဲ့သီချင်းကို ဖွင့်နားထောင်ကြည့်လိုက်တော့ သီချင်းအစမှာ ဒီကဗျာကစာသားတွေပါနေတာ တွေ့ လိုက်ပါတယ်။ ဘယ်သူက ဘယ်သူဆီကကူးတယ်ဆိုတာတော့ မသိပါဘူး။ သီချင်းလေးလည်းကောင်းပါတယ်။ ဒီကဗျာလေးလည်းကောင်းပါတယ်။ ဒီဘလော့ကို သူငယ်ချင်း သွယ်သွယ်နဲ့ ဇွဲ ဖတ်မိရင်လည်း ပျော်ကြလိမ့်မယ်လို့ ထင်ပါတယ်။
+++++
သဇင်
မေ ၃၁၊ အင်္ဂါနေ့ 

8 comments:
ကဗျာလေးကောင်းတယ်...အဲဒီဘက်ခေတ်တွေတုန်းက ကဗျာတစ်အုပ်ထုတ်ဖို့ဆိုတာ တော်တော့်ကိုခက်ခက်ခဲခဲထုတ်ရတယ်...စာစီတာကအစ ပင်ပန်းတာ...ဒါတောင်မှ ဖြစ်အောင်ထုတ်ကြ ရေးကြတယ်...အခုလို အစစလွယ်တဲ့ဒီဘက်ခေတ်ကျတော့ ကလေးတွေက ကဗျာဆိုတာ သင်ရိုးထဲမှာပါသလောက်ကိုတောင် မခံစားတတ်တော့ဘူး...ကိုယ်တိုင်ရေးတတ်ဖို့ဆိုတာ ဝေလာဝေးရော...အင်း ဒီကဗျာလေးဖတ်ပြီးတော့ မြန်မာစာပေအနာဂတ်ကို ရင်မောသွားရော...
ခံစားချက်နဲ့များတိုက်ဆိုင်လို့လားတယ်ရင်း .. :D
း))
ကဗျာကောင်းလေးနော်။ ရင်နဲ့အပြည့်ဖတ်သွားတယ်
အဲလိုကဗျာလေးတွေက ချစ်ဖို့ကောင်းတယ်နော်။ မချိုကို သူငယ်ချင်းတွေတော့ မသိဘူး။ ဂျူသာဆို ၀မ်းသာသွားမှာ။
ခင်မင်လျှက်
အင်း...
ကဗျာလေးရဲ့  နောက်ဆုံးအပိုဒ်လေး..
နင် သိထားပါ
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
ငါ့ ရဲ့ရင်ထဲမှာ
မာနတရားတွေ ရှိနေတယ်ဆိုတာ...။
အဲ့ ဒါလေးကို ပိုကြိုက်တယ်။
နင် သိထားပါ
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
ငါ့ ရဲ့ရင်ထဲမှာ
မာနတရားတွေ ရှိနေတယ်ဆိုတာ...။
မိုက်တယ်မမ..:):)
ကိုဟန်ကြည် ... ဟုတ်တယ်ကိုဟန်ကြည်ရေ။ အဲ့ဒီအချိန်တုန်းက စာအုပ်ထုတ်ဖို့ကို ပုံနှိပ်တိုက်မှာ သွားအပ်ကြရတာ။
မိုးခါး ... အင်း ဘယ်လိုပြောရမလဲပေါ့နော် ..း) ဆိုင်ပါဘူးအေ။ အဲ့ဒါငယ်ငယ်ကသူငယ်ချင်းတွေရေးတာ။
လရိပ်အိမ် ... ကဗျာတိုတိုလေးပါ ရင်နဲ့ပြည့်သွားတယ်ဆိုတော့ ခံစားချက်တွေရှိနေပြီထင်တယ်။
ဂျူနီယာ ... ဂျူရောဝမ်းသာသွားလားဟင်။
ကိုအဖြူလေး ... ဟုတ်တယ်၊ နောက်ဆုံးအပိုဒ်ကလေးကျမှ ခပ်တင်းတင်းလေး ပြောထားပုံလေးပါ။
အိန်ဂျယ်လှိုင်း ... ကဗျာလေးကမိုက်တာပါ၊ မမကမမိုက်ပါဘူးး))
ကဗျာလေး လှတယ်...
Post a Comment