(တစ်)
သမီးရေ...။
အဲ့ဒီမနက်ကဖေဖေတို့  အိပ်ရာက ထတော့ သမီးတစ်ယောက် မနိုးတတ်လှသေးဘူး။ ဂွမ်းစောင် အမွေးပွပွကြီးထဲမှာကွေးလို့ ။ ဖေဖေက လမ်းလျှောက်ထွက်ရအောင်နှိုးတော့ သမီးက အလျင်နေ့ တွေကလို တက်တက်ကြွကြွမရှိလှတဲ့အပြင် စောင်ခြုံထဲက မထွက်ဘဲ တအင်းအင်း တအဲအဲနဲ့ ညည်းလို့ ။ သမီးမေမေက အနွေးထည် ဝတ်နေရင်း တန်းလန်းကနေ တစ်ရက်တလေ အိပ်ပါစေလေတဲ့။ ဒါနဲ့ ဖေဖေလည်းညက လူကြီးတွေအိပ်တဲ့အထိ မအိပ်ဘဲ ရုပ်မြင်သံကြား အစီအစဉ် ပြီးတဲ့အထိ ကြည့်ပြီး ညဥ့်နက်မှ အိပ်ရာဝင်ခဲ့တဲ့ သမီးကို သနားကာ နှိုးမနေတော့ဘဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရတယ်။ အဲဒီ မနက်ခင်းကတော့ သမီးမပါဘဲနဲ့  ဖေဖေရယ်၊ မေမေရယ် နှစ်ယောက်ထဲ လမ်းလျှောက်ထွက်ဖြစ်တဲ့ မနက်ခင်းပါပဲ။
အပြင်မှာတော့ နှင်းတွေက ဖွေးဖွေးလှုပ်လှုပ်ပဲ သမီးရေ။ နေလုံးကြီးကို မမြင်ရပေမဲ့ နှင်းထုကိုဖောက်ပြီး ဇွတ်တိုးဝင်လာတဲ့ မနက်ခင်း နေရောင်ခြည်ရဲ့အောက်မှာ မြို့ ကလေးဟာ တောက်ပလို့ လှချင်တိုင်း လှနေတော့တာပါပဲ။ ထုံးစံအတိုင်းပေါ့။ ဖေဖေရယ်၊ မေမေရယ် မြို့ ပတ်လမ်းအတိုင်း ဟိုး မြို့ ပြင်ကို ရောက်တဲ့အထိ လျှောက်ဖြစ်ကြတယ်။ အဲ့ဒီမှာ ကြည့်မဆုံးတဲ့ လယ်ကွင်းပြင်ကြီးရှိတယ်။ စပါးတွေက ရိတ်သိမ်းဖို့ အသင့်။ မောင်းညိုကာငိုက်စင်းလို့ ။ လေက မွှေးလို့ ၊ သန့် လို့ ။
ဖေဖေတို့ ပြန်လာကြတော့ အိမ်ကို မဝင်သေးဘဲနဲ့  ဈေးအထိ ဆက်လျှောက်သွားရင် ကောင်းမယ်လို့  စဉ်းစားမိကြတယ်။ အိမ်နဲ့  မနီးမဝေးမှာက ဖေဖေတို့  တစ်ခါတစ်ခါ ဝယ်နေကျ ရပ်ကွက်ဈေးလေး ရှိတယ်လေ။ ဈေးကြီးလို့ လိုချင်တာ အကုန်မရပေမဲ့ ဟင်းချက်စရာ သီးနှံသားငါး လတ်လတ်ဆတ်ဆတ်တွေက ဒီဈေးကလေးမှာ အပြည့်ပေါ့။
လမ်းပေါ်မှာကတော့ ဈေးက ပြန်လာသူတွေတောင်မှပြန်လာနေကြပါပြီ။ မျက်နှာစိမ်းတွေရော၊ မျက်နှာကျက်တွေရော။ သမီး မေမေကတော့ သူ့ အသိ မိတ်ဆွေတွေကို တွေ့ တိုင်း နှုတ်ဆက်ရတာ အမော။
"ဈေးက ပြန်လာပြီလား" ... တဲ့။
ဟုတ်တယ်။ အဲဒီမနက် လမ်းတစ်လျှောက်လုံး သမီးမေမေ သူ့ အသိ မိတ်ဆွေတွေကို နှုတ်ခွန်းဆက်နေပုံက "ဈေးက ပြန်လာပြီလား" ချည်းပါပဲ။ ဖေဖေ စိတ်ဝင်စားမိတယ်။
(နှစ်)
သမီးရေ...။
အဲ့ဒီမနက်က ဈေးကို သွားရာ လမ်းတစ်လျှောက်လုံး သမီးမေမေ နှုတ်ဆက်သွားတဲံ "ဈေးက ပြန်လာပြီလား" ဆိုတဲ့ မေးခွန်းဟာ သာမန်ကြည့်ရင်တော့လည်း သာမန်နှုတ်ဆက်စကားမျှသာပဲပေါ့။ "ဈေးက ပြန်လာပြီလား" ဟာ "ဈေးက ပြန်လာပြီလား" ပဲပေါ့။ ဒါပေမဲ့ သမီးမေမေ ဒီစကားကို သတိလက်လွတ် ပြောချခဲ့တာလား၊ ဒါမှမဟုတ် ဒီမနက်ခင်း ဒီလမ်းပေါ်မှာ ဒီစကားလောက်ပဲ ပြောမယ်လို့  အသေအချာ ဆုံးဖြတ် ပြောခဲ့တာလား။ "ဈေးက ပြန်လာပြီလား" ကို "ဈေးက ပြန်လာပြီလား" မှာ ဘာကြောင့် မေမေ ရပ်နားပစ်ခဲ့သလဲ၊ ဖြတ်တောက်ပစ်ခဲ့သလဲ၊ တခြားဆက်ရန် မေးခွန်းတွေ မရှိတော့ဘူးလား။ ဥပမာ - 'ဘာတွေ ဝယ်လာခဲ့လဲ' စတဲ့မေးခွန်းမျိုး။
ဖေဖေ တစ်ခုယုံကြည်တယ် သမီးရယ်။ သမီးမေမေဟာ ဘယ်သောကာလမှ "ဈေးက ပြန်လာပြီလား" နောက်မှ တခြားမေးခွန်းတွေကို ဆက်မေးလိမ့်မယ် မဟုတ်ဘူး။ သူ တွက်ချက်ပြီးသား။ သူ ဆုံးဖြတ်ပြီးသား။ သူ ချိန်ဆပြီးသား။ သူ့ အတွက် ဒီမနက်ခင်းမျိုးမှာ "ဈေးက ပြန်လာပြီလား" နဲ့ တင် လုံလောက်တယ်။ ပြည့်စုံတယ်။ 'ဘာတွေ ဝယ်ခဲ့လဲ' အစချီ မေးခွန်းတွေဟာ ဖေဖေတို့  အတွက် မေးစရာလည်းမလို၊ ဖြေစရာလည်း မလိုအပ်လှဘူးလို့  ဖေဖေတော့ ယူဆမိတယ်။
တကယ်တော့ သမီးရယ်၊ ဖေဖေတို့  ကမ္ဘာလောကကြီးဟာ မလိုလားအပ်တဲ့ နှုတ်ခွန်းဆက် အမေးစကားတွေ ကြားမှာ အသက်ရှူ ခဏခဏ ကျပ်ခဲ့ရတယ်လို့  ဖေဖေတော့ ထင်မိတယ်။ မထင်မှတ်ဘဲနဲ့ ဖြစ်ဖြစ်၊ တမင်ရည်ရွယ်ချက်နဲ့ ပဲ ဖြစ်ဖြစ် ဘာတွေဝယ်ခဲ့လဲ ကို မေးသူတွေက မေးခဲ့ကြတယ်။ ဖြေသူတွေကလည်း ဖြေခဲ့ရတယ်။
ကြက်သား ဝယ်လာတာကို ကြက်သား ဝယ်လာပါတယ်လို့  ဖြေဆိုဖို့ တချို့ လူတွေမှာ အသက်ရှူကျပ်မသွားနိုင်ဘူး။ ငါးပိရည်၊ တို့ စရာလေးမျှကို ဝယ်ခဲ့နိုင်သူက ငါးပိရည်၊ တို့ စရာပဲ ဝယ်ခဲ့ပါတယ်လို့  ဖြေဆိုဖို့  တချို့ လူတွေမှာ အသက်ရှူကျပ်မသွားနိုင်ဘူးလား။ ဒါဆိုရင် ဖြေမယ့်သူမှာ ဝေဒနာ တစ်စုံတစ်ရာ ဖြစ်သွားစေမယ့် ဘာတွေဝယ်ခဲ့လဲ လို့ မေးခွန်းမျိုးကို ဖေဖေတို့  မေးဖို့ ရာ လိုအပ်၊ မလိုအပ်။ သမီးမေမေကတော့ "ဈေးက ပြန်လာပြီလား" ဆိုတဲ့ သူ့ ရဲ့ နှုတ်ဆက်မေးခွန်းကို ရပ်ရမယ့် နေရာမှာ တိတိကျကျရပ်လို့  သူ့ မိတ်ဆွေတွေကို ဖြတ်သန်းသွားခဲ့ပြီ။ သူ့ မိတ်ဆွေတွေကလည်း 'ပြန်လာပြီ ညီမရေ' စသဖြင့် အော်ဟစ်နှုတ်ဆက်ကာ သူ့ ကို ဖြတ်သန်းသွားကြပြီ။ ဘာမှ အသက်ရှူကျပ်စရာ မလိုဘဲ၊ ဘာမှ စိတ်ကို ဒဏ်ရာအနာတရ မဖြစ်စေဘဲ၊ ဘာမှ ကြွားလုံးထုတ်စရာ မလိုဘဲ၊ ဘာမှ မုသားဆိုစရာ မလိုဘဲ။
(သုံး)
တကယ်တော့သမီးရယ်၊ လောကရဲ့ နေရာတိုင်းမှာ ဖေဖေတို့ ၊ သမီးတို့ တွေ ကိုယ့်မိတ်ဆွေတွေနဲ့  တွေ့ ဆုံကြတိုင်း နှုတ်ခွန်းဆက် စကားတွေ ဆိုနေခဲ့ကြရတယ်။ ဈေးသွားဈေးပြန် လမ်းမပေါ်မှာ၊ အိမ်ခြံစည်းရိုး အစပ်မှာ၊ ညနေခင်း အညောင်းပြေအညာပြေ လမ်းပေါ်မှာ။ ဘတ်စ်ကား မှတ်တိုင်မှာ။ ရုံးခန်းစားပွဲမှာ၊ စင်္ကြံလမ်းအချိုါ် တစ်နေရာမှာ၊ လက်ဖက်ရည်ဆိုင်ထဲမှာ၊ ဘုရားရင်ပြင်တော်ပေါ်မှာ။
ဖေဖေတို့ ဟာ ဖေဖေတို့  မိတ်ဆွေတွေကို နှုတ်ခွန်းဆက်စကား ဆိုကြတဲ့အခါ သူတို့ တစ်တွေ လွတ်လပ်ပေါ့ပါး သွားကြပါစေ။ အသက်ရှူချောင်လို့  သွားပါစေ။ နှလုံးစိတ်ဝမ်း ညှိုးနွမ်းခြင်းမှ ကင်းပါစေ။
ဖေဖေတို့ ဟာ "ထမင်းစားပြီးပြီလား" မှာတင် ရပ်တန့် လိုက်သင့်ပါရဲ့နဲ့  ဘာဖြစ်လို့  "ဘာဟင်းနဲ့ စားလဲ" အထိဆက်ချင်ကြရပါလဲ။ "ချက်ပြီးပြီလား" မှာတင် တစ်ခန်းရပ်သင့်ပါရဲ့။ ဘာဖြစ်လို့  "ဘာဟင်းချက်လဲ" အထိ ဇာတ်ရှည်သွားချင်ရပါလဲ။ သည်လိုပါပဲ ဖေဖေတို့ တစ်တွေ နှုတ်ခွန်းဆက် အမေးစကားတွေ ဆိုနေလိုက်ကြတာ။ 'ညက T.V ကြည့်ဖြစ်သေးလား'၊ 'ဘယ်နှစ်က ကျောင်းပြီးတာလဲ' ၊ 'လခ ဘယ်လောက်ရလဲ'။ မရေမတွက်နိုင်တဲ့ မေးခွန်းများ။
သမီးရယ် တချို့ တချို့ သော မိတ်ဆွေတွေအတွက် ဒီနှုတ်ဆက်မေးခွန်းတွေဟာ အဖြေရ ကျပ်လှပါတယ်။ 'အိမ်မှာ T.V မရှိပါဘူး' လို့ ဖြေဖို့ သူတို့  ဘယ်လောက် နာကျင်သွားရမလဲ။ 'ကျွန်မ ဘွဲ့ မရခဲ့ပါဘူး' လို့ ဖြေဖို့  သူတို့ ဘယ်လောက် ထိခိုက်သွားရမလဲ။ 'လခ မကောင်းလှပါဘူး' လို့ ဖြေဖို့  သူတို့ ဘယ်လောက် သိမ်ငယ်သွားကြမလဲ။ မေးသူတွေက မေးနေကြလို့  ဖြေသူတွေက ဖြေခဲ့ကြရရှာပြီ။ ဖေဖေတို့ ဟာ ဖေဖေတို့ ရဲ့ စကားတွေနဲ့ အသိ မိတ်ဆွေတွေကို မလောင်မြိုက်သွားစေသင့်ဘူးလေ။
(လေး)
အိမ်ပြန်ရောက်ရင်ဖြင့် ဖေ့ဖေ့သမီ အိပ်ရာက နိုးလောက်ပြီ။ သမီးနဲ့  စကားပြောဖြစ်တဲ့အခါ ဈေးက ပြန်လာတဲ့ မိတ်ဆွေတွေကို 'ဘာတွေ ဝယ်ခဲ့လဲ' ဆိုတဲ့ မေးခွန်း မမေးမိဖို့  ဖေဖေ ပြောရဦးမယ်။ ပြီးတော့ ဘာဟင်းချက်လဲ မမေးမိဖို့ ။ ဘာနဲ့ စားလဲ မမေးမိဖို့ ။ T.V ကြည့်ဖြစ်လား မမေးမိဖို့ ။ ဘယ်နှစ်က ကျောင်းပြီးတာလဲ မမေးမိဖို့ ။ လခ ဘယ်လောက်ရလဲ မမေးမိဖို့ ။(ချယ်ရီ၊ ဇန်နဝါရီ ၁၉၉၈)
+++++
*** ရာပြည့်စာအုပ်တိုက်မှ ထုတ်ဝေသော ဆရာမောင်သာချို၏ သမီးဖတ်ဖို့  စာအုပ်မှ ကူးယူဖော်ပြပါသည်။

8 comments:
တစ်ခါတစ်ခါအဲလိုမေးခြင်းဟာလဲ စိတ်အနှောက်အယှက်တကယ်ဖြစ်စေပါတယ်။
အင်း ဟုတ်ပါ့အစ်မရာ...။လရိပ်အိမ်ပြောသလိုပါပဲ...၊
တချို့တွေရဲ့ အမေးတွေက စိတ်နှောက်အယှက်ဖြစ်စရာ..။
မျှဝေပေးတာကျေးဇူးပါ...။
ညီမလေးရေ...တကယ်တော့ ကိုယ်ပိုင်သမျှဟာ ကိုယ်ကိုယ်တိုင်ပါပဲလေ...အစစအရာရာ အဆင်ပြေပါစေနော်...
မျှဝေမှု့ အတွက် ကျေးဇူးဘဲ
စာထဲက မေမေလို လမ်းမှာ တွေ့ရုံလေးဆိုရင်တော့ အဲလိုပဲ မေးပါတယ်။ ဒါပေမယ့် စကားစမြည်ပြောရမယ် ဆိုရင်တော့ အဲလိုလုပ်လို့မရတော့ဘူး၊ အစကတည်းက စကားစ မပြတ်အောင် ဘာပြောရမှန်းမသိတာကို ဟိုဟာ မမေးရ ဒီဟာမမေးရဆိုရင်တော့ မပြောရရုံပေါ့၊ သက်သာတာပေါ့လေ။း) ငါကတော့ မေးချင်တာမေးမယ်။ ထိခိုက်စေလိုတဲ့စိတ်နဲ့တော့ မဟုတ်ဘူး၊ မေးခွန်းမှ မမေးရင် ပြောစရာစကားက ပျောက်ပျောက်သွားတယ်။ (စကားပြော တော်တော်ညံ့တာ သိတယ်)။ ဒါတောင် ဘာမေးရမှန်းမသိတာလဲရှိသေးတယ်။း) ဖြေချင်ဖြေ မဖြေချင်နေ စိတ်မဆိုးတတ်ဘူး။ ငါလခနည်းတယ်ဆိုရင် ကိုယ်လုပ်သလောက်ပေါ့။ သိမ်ငယ်တာကတော့ စိတ်ဓာတ် ပျော့လို့ထင်တယ်။ သူများတာ ကိုယ်နဲ့ မဆိုင်သလို ကိုယ်နည်းတာလည်း ဘယ်သူနဲ့ မှ မဆိုင်။ ကိုယ့်အတိုင်းအတာနဲ့များချင်ရင်တော့ များအောင် လုပ်ရမှာပေါ့။
စာဖတ်သူအားလုံး .. အားလုံးကျေးဇူးပါ။
သူငယ်ချင်း TnT ... အင်းအမေးခံလူလည်း မနှစ်သက်ဘူး၊ နှစ်ဦး နှစ်ဖက်လည်း အကျိုးမရှိဘူးဆိုရင်တော့ မမေးဘဲ ထားတာကောင်းပါတယ်။ အမေးခံလူက မနှစ်သက်ပေမယ့် အကျိုးရှိမယ်ဆိုရင်တော့ သူဖြေဖြေ မဖြေဖြေ မေးတာမေးလိုက်ပါ။ သူမဖြေခဲ့သည့်တိုင်အောင် သူ့ အတွက် တွေးစရာမေးခွန်းတစ်ခုရသွားတာပေါ့။
အင်းးး ကိုယ်မေးမယ့်မေးခွန်းက သူနှစ်သက်မယ် မနှစ်သက်ဘူး ဘယ်လို စိစစ်ရင်ကောင်းမလဲ။
Post a Comment