/* ----- tynt --- */

Pages

Tuesday, July 5, 2011

ကျေးဇူးတော်

ရေမိုးချိုး၊ သနပ်ခါးကို ဖွေးဖွေးလှုပ်နေအောင်လိမ်းထားပြီး အမေကိုယ်တိုင်ချုပ်ပေးတဲ့ ချည်ထည် အင်္ကျီ၊ လုံချည် ဝမ်းဆက်လေးကိုဝတ်လိုက်တယ်။ ထုံးစံအတိုင်း မှန်တင်ခုံရှေ့  ရောက်ရင် တော်တော်နဲ့မခွာဘဲ ဘေးစောင်းကြည့်လိုက်၊ တည့်တည့်ကြည့်လိုက် လုပ်နေတုန်း အမေ့အော်သံကြားလိုက်တယ်။ “သမီးရေ... မြန်မြန်လုပ် တော်ကြာဆရာတော် ဆွမ်းဘုန်းပေးချိန်နောက်ကျနေမယ်” “ရော့ … သေချာကိုင်သွားနော်။ မဖိတ်စေနဲ့ ဦး” ဆိုပြီး အမေလှမ်းပေးလိုက်တဲ့ စတီးငါးဆင့်ချိုင့်ကို အသာပိုက်ပြီး အိမ်ကနေ ဘုန်းကြီးကျောင်းကို ဆွမ်းပို့ ထွက်ခဲ့တယ်။

ကလေးပီပီ ဟိုငေးဒီငေးနဲ့ ဆွမ်းချိုင့်မဖိတ်အောင်လည်း ဂရုစိုက်ရသေးတယ်။ လမ်းထိပ်နားရောက်တော့ တနေရာမှာ လူတွေဝိုင်းအုံနေတယ်။ စပ်စုတတ်တဲ့ အကျင့်အတိုင်း အနားအသာ တိုးသွားပြီး ဘာဖြစ်တာလဲဆိုတာ ဝင်ကြည့်မိတယ်။ လူတွေအားလုံးလိုလို မိုးပေါ်မော့ကြည့်နေတော့ သူတို့ လိုပဲ လိုက်ပြီး မိုးပေါ်မော့ကြည့်တယ်။ တိမ်တွေရွေ့နေတယ်။ “ဘာဖြစ်တာလဲဟင်” လို့ ဘေးကလူကို မေးလိုက်တော့ ကောင်းကင်မှာ ရဟန္တာတစ်ပါး ဈာန်နဲ့ကြွနေတယ်တဲ့။ “ဟော .. တွေ့ တယ်၊ တွေ့ တယ်” “ငါ မတွေ့ သေးဘူး” နဲ့ တစ်ယောက်တစ်ပေါက် ပြောနေကြတယ်။ မော့တော့ မော့တော့နဲ့  တိမ်တွေကြားထဲ အတင်းလိုက်ကြည့်မိတယ်။

ဟော တွေ့ ပြီ... တွေ့ ပြီ။ ရဟန္တာ ဈာန်ဝင်စားတယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်။ ကြည်ညိုစရာကောင်းလိုက်တာ။ ဟင် … ရဟန္တာက အမျိုးသမီးပါလား...။ အညိုရောင်ဝတ်စုံနဲ့  နက်မှောင်နေတဲ့ ဆံထုံးကို တင်းနေအောင်ထုံးထားတော့ ဖြူစင်ပြီးကြည်လင်နေတဲ့ မျက်နှာကို အတိုင်းသားမြင်နေရတယ်။ အေးချမ်းလိုက်ပါဘိ။

အဲ … ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ ဖို့ မေ့တော့မလို့ ။ ဒါနဲ့ ဘုန်းကြီးကျောင်းကိုဆက်သွား ဘုန်းတော်ကြီးကို ဆွမ်းကပ်ပြီး ဆွမ်းဘုန်းပေးဖို့ အဆင်သင့်ပြင်ဆင်ပေးခဲ့တယ်။ အပြန်လမ်းကျတော့ လူတွေမရှိတော့ဘူး။ ချိုင့်အလွတ်လေး တရမ်းရမ်းနဲ့  ပြန်လာရင်း လမ်းတလျှောက် တခြားကလေးတွေ ဆော့နေတာကိုကြည့်ပြီး ပြုံးနေမိတယ်။ အိမ်ရောက်ရင် အမေ့ကို ရဟန္တာအကြောင်း ပြောပြရဦးမယ်။

အိမ်ရှေ့ရောက်တာနဲ့  “အမေရေ .. အမေရေ … သမီးပြန်လာပြီ” ဆိုပြီးတကြော်ကြော်အော်နေတာ နောက်ဖေးချောင်ရောက်နေတဲ့ အမေကထွက်မလာဘူး။ ဒါနဲ့ အိမ်ပေါ်ကိုလည်းတက်သွားရော အိမ်ဦးခန်းက ဘုရားခန်းမှာ စောစောက ရဟန္တာဆိုတဲ့ အမျိုးသမီးထိုင်နေတာတွေ့ လိုက်ရတယ်။ နေကထိုင်ဖျာလေးပေါ်မှာ တရားထိုင်နေလေရဲ့။ စိတ်ထဲကနေ ဘယ်လိုလုပ်ပြီး ငါ့အိမ်ရောက်နေတာလဲ မသိဘူး။ အမေတို့ ရော သိကြရဲ့လား … တွေးမိပြီး “အမေရေ အမေ... အမေ” လို့ အော်ခေါ်နေတုန်း အိပ်မက်ကနေ နိုးသွားခဲ့ပါတယ်။ နာရီကိုကြည့်လိုက်တော့ မနက် ၅ နာရီခပ်စွန်းစွန်း။ အိပ်မက်ကလည်း ကောင်းတယ်၊ စိတ်လည်းကြည်လင်နေတယ် .. အပြင်ဘက်ကြည့်လိုက်တော့ မှောင်နေသေးပေမယ့် မအိပ်တော့ပါဘူးဆိုပြီး မျက်နှာသစ်ပြီး ဘုရားရှိခိုးဖို့ ပြင်လိုက်ပါတော့တယ်။

+++++

အရင်ပို့ စ်က အိပ်မက်ဆိုးအကြောင်းရယ်၊ ဟိုးအရင်က ထူးဆန်းတဲ့အိပ်မက်ကြောက်စရာကြီးရယ်ကို ဖတ်ပြီး သူငယ်ချင်းတွေက နင့်ဟာကလည်းဟယ် အိပ်မက်ရောဟုတ်ရဲ့လား၊ နင်ကြောက်စိတ်တွေများနေလို့ လား နဲ့ ပြောကြပါတယ်။ ဟုတ်ပါတယ် ဒီစင်ကာပူကို ရောက်ပြီးမှပဲ ထူးထူးခြားခြားအိပ်မက်တွေ မက်သလို၊ နိုးလာတဲ့အခါ အသေးစိပ်မှတ်မိနေတတ်ပါတယ်။

အိပ်မက်တွေဟာ အတိတ်နိမိတ်တချို့ ကို သယ်ဆောင်လာတတ်တယ်ဆိုတာတော့ ဒီအိပ်မက်မှာ သေချာကြုံရပါတယ်။ ဒီအိပ်မက်မက်ချိန်က စင်ကာပူမှာ အလုပ်လာရှာကာစဖြစ်ပြီး အဲ့ဒီမိုးလင်းတဲ့ မနက်မှာပဲ သဇင့်ကို အလုပ်ခန့် ပါတယ်လို့  ရုံးကဖုန်းဆက်ပြောလာတာပဲ။ တိုက်ဆိုင်တယ်ဆိုရင်လည်း ထူးခြားစွာတိုက်ဆိုင်မှုပါ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ နဲ့ ဆရာတို့ ကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်မှုကြောင့် ဒီအိပ်မက်မျိုးမက်တယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ အနန္တောအနန္တ ငါးပါးရဲ့ ဂုဏ်ကျေးဇူးတော်ဆိုလည်း မမှားပါဘူး။ ပြန်တွေးမိတိုင်း ကြည်နူးဝမ်းမြောက်ရတဲ့ အိပ်မက်မို့  ဖတ်ရသူတွေလည်း ဝမ်းမြောက်လိမ့်မယ်လို့ ထင်ပါတယ်။

နောက်ထပ် မှတ်မိနေသေးတဲ့ အိပ်မက် ၂ ခုအကြောင်း ဆက်ရေးပါဦးမယ်။

8 comments:

sumon said...

ဆက်အားပေးပါဥိးမယ်။ :)

လရိပ်အိမ် said...

ကောင်းတဲ့အိပ်မက်ဘဲ

မော်ကွန်းသစ် said...

သူတော်ကောင်းတွေများ ပေါများလာလေအုံးမလား...)

Angelhlaing(May everybody be happy and healthy! said...

စိတ်ဝင်တစားနဲ့ စောင့်မျှော်နေပါတယ်မမရေ..

မိုးယံ said...

အိမ်မက်သည် အလွန်ကျယ်ပြန့်လှသော စိတ်ပညာ သဘောမျိုးဖြစ်သည်။

ရတနာ သုံးပါး၏ တန်ဖိုးနှင့် ကံ ကံ၏ အကျိုးကို တန်ဖိုးထား နားလည်နိုင်ပါစေ။

သိင်္ဂါကျော် said...

အိပ်မက်ဆန်းလေး အကြောင်း လာဖတ်သွားပါတယ်..

8Yar said...

လာလည်ပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေး ဖြစ်ပါစေ။

jr.lwinoo said...

သဇင်ရေ.. အိမ်မက်ဆန်းအကြောင်းလေး လာဖတ်သွားပါတယ်။
ရတနာသုံးပါးကျေးဇူးကြောင့် ဆိုတာ ဂျူလည်း ယုံကြည်တယ်။
ခင်မင်လျှက်