Monday, December 8, 2014

ငယ်ဘဝအကြောင်း သောင်းပြောင်းထွေလာ

ညနေ ညနေဆိုရင် လင်မယားနှစ်ယောက်သား ထမင်းစားသောက်ပြီးတဲ့အချိန် အညောင်းပြေအညာပြေ လမ်းလျှောက်ထွက်လေ့ရှိတယ်။ အဲ့လိုလမ်းလျှောက်ထွက်ရင်းနဲ့ တနေ့တာတွေ့ကြုံခဲ့ရတာတွေ အပြန်အလှန်ပြောကြတယ်။ တစ်ခါတလေကျတော့ လတ်တလော ဖြေရှင်းစရာတွေကို တိုင်ပင်ကြ၊ ရှေ့ဆက်ခရီးအတွက် လုပ်စရာတွေတိုင်ပင်ကြ၊ တစ်ခါတရံကျတော့ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောရင်းရယ်ကြရတယ်။

တစ်ညနေ ရုပ်ရှင်အကြောင်းပြောမိရင်း ငယ်ဘဝအကြောင်းပြန်ပြောင်း ပြောမိကြတယ်။ ငယ်ငယ်ကဆိုရင် အိမ်မှာတီဗီပဲရှိတယ်။ ဗီဒီယိုကြည့်ချင်ရင် စက်ငှားကြည့်ကြရတယ်။ အဲ့ဒါကလည်း အမြဲတမ်းငှားကြည့်ကြတာမဟုတ်ဘူးရယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်တို့၊ ဒီဇင်ဘာကျောင်း ၁၀ ရက်ပိတ်တာတို့ကျမှ အိမ်ကလူကြီးတွေက ဒီပိတ်ရက်တော့ ဗီဒီယိုပေးငှားမယ်ဆိုမှ ငှားကြည့်ကြရတာမျိုး။ ငှားခွင့်ရပြီဆိုရင် အငှားဆိုင်ကိုသွားပြီး ကြိုတင်ဘွတ်ကင်လုပ်ထားရသေးတယ်။ ဘယ်နေ့မှာတော့ဖြင့်ငှားပြီး ဘယ်နေ့ပြန်အပ်မယ်ဆိုတာမျိုးသွားပြောထားရသေးတယ်။ ဗွီဒီယိုဖွင့်တဲ့စက်ကို ဗွီဒီယို အခွေတွေပါ တွဲငှားတဲ့ဆိုင်တွေကနေငှားရတာပေါ့။ ရက်ကြာကြာ ငှားကြည့်ရတာမျိုးလည်းမဟုတ်ဘူး၊ အများဆုံးမှ နှစ်ညလောက်ငှားရတာ။ အဲ့ဒီတော့ စက်ကောင်းကောင်းလေးရဖို့ သေချာကြိုမှာထားရသေးသလို၊ ကိုယ်လိုချင်တဲ့ အခွေတွေရဖို့လည်း ဆိုင်ကို တဂျီဂျီပူဆာထားရသေးတယ်။ စက်ငှားခကတစ်ညဘယ်လောက်ဆိုပြီး ညကြေးနဲ့ပေးကြရပြီး အခွေငှားခက သပ်သပ်ပေးရတယ်။ ငှားထားတဲ့ည ဆိုင်ကလာပို့တာနဲ့ ညလုံးပေါက် ဗီဒီယိုကြည့်ကြတော့တာ။

အဲ့ဒီညဆို အိမ်မှာလူကိုစည်ကားလို့။ ကျောင်းပိတ်ထားတာမို့ အဖွားရဲ့ မြေးတွေဖြစ်တဲ့ ကိုယ်တို့ ဝမ်းကွဲမောင်နှမတွေအကုန်ရှိနေကြပြီး ကိုယ်ကြည့်ချင်တဲ့အခွေ အရင် ကြည့်ဖို့အရေး သောင်းကျန်းကြတာပေါ့။ အိမ်ရှေ့ခန်းတစ်ခုလုံးလည်း ရုပ်ရှင်ရုံကြီးလိုဖြစ်သွားရော။ စက်ရောက်လာပြီဆို ဒီတိုင်းကောက်ဖွင့်ကြည့်လို့ရတာ မဟုတ်သေးပြန်ဘူး။ တီဗီနဲ့ချိတ်တဲ့ကြိုးတွေသွယ်ရပြန်တယ်။ အဲ့ဒါကတော့ လူကြီးတွေလုပ်ကြတယ်။ ကြိုးသွယ်ပြီး အခွေထိုးဖွင့်လို့ရပြီဆိုတာနဲ့ အခွေတွေကို မှန်မမှန်၊ ကြည်မကြည် စမ်းကြည့်ရသေးတယ်။ အားလုံးပြီးပြီဆို ဗီဒီယိုကြည့်တဲ့ အလုပ်စကြပြီပေါ့။

ကြည့်တဲ့ဗီဒီယိုတွေကတော့ အစုံပါပဲ။ ဗမာကားဆို ဒရမ်မာ၊ ဟာသ၊ မကြည့်ရသေးတဲ့ ကားသစ်တွေ၊ အင်္ဂလိပ်ကားတွေ၊ ကာတွန်းကားတွေပေါ့။ ကလေးတွေရော လူကြီးတွေပါကြည့်ချင်တဲ့ ကားသစ်ဒရမ်မာလို ကားမျိုးက အမြဲတမ်းအရင်ဆုံးဖွင့်ဖြစ်တဲ့ကားပေါ့။ ရုပ်ရှင်ကြည့်ရင်း မုန့်စားတဲ့သူကစား၊ စကားများတဲ့သူကများနဲ့။ ရုပ်ရှင်ကြည့်ရင်း အိပ်ကြည့်ဖို့ ခေါင်းအုံးတွေ၊ စောင်တွေနဲ့ နေရာယူတဲ့သူကယူနဲ့။ အဖွားရဲ့အိမ်ဧည့်ခန်းကြီးကလည်း ကျယ်ပေလို့ပါပဲ။ အဲ့ဒီခေတ် ဗီဒီယိုဆိုတာတွေကလည်း အခုခေတ်ရုပ်ရှင်တွေလို အရမ်းကြီးကြည်လင်နေတာမျိုးမဟုတ်သေးဘူး။ တီဗွီလည်းကောင်း၊ တီဗွီအသံထွက်လည်းကောင်းမှ ကြည့်ရတာအဆင်ပြေတယ်။ ကောင်းခန်းရောက်လို့ မငြိမ်သေးတဲ့သူကို ... ရှူး... တိုးတိုး စကားမများနဲ့ဆို ဝိုင်းအော်ကြတာတွေ အခုပြန်ပြောမိတော့ ပျော်ဖို့သိပ်ကောင်းသလို လွမ်းဖို့လည်းကောင်းပါတယ်။

အဲ့ဒီ ဗီဒီယိုအခွေတွေကလည်း ကောင်းကောင်းရဖို့လိုသေးတယ်။ အခွေမကောင်းရင် အခွေတိတ်သားတွေမှာ မှိုတက်နေတတ်သေးတယ်။ အဲ့ဒါဆို အရုပ်မှာ အဆင်းကြောင်းတွေထင်လာပြီး ရုပ်ပျက်ဆင်းပျက်နဲ့ အသံတွေပါ ပေါက်ကရထွက်လာတတ်တာ။ ကြည့်နေရင်းနဲ့ ဇိမ်ပျက်တာပေါ့။ ကောင်းခန်းရောက်နေပြီဆို ပိုဆိုးသေး။ မှိုတက်တာ သိပ်မဆိုးသေးဘူးဆိုရင် အခွေကို အရှေ့ရစ်လိုက် အနောက်ရစ်လိုက်နဲ့လုပ်လိုက်ရင် ပြန်ကောင်းချင်ကောင်းသွားပြန်ရော။ အခွေဟောင်းတွေဆို မှိုသိပ်ဆိုးနေတော့ စက်ရဲ့ ဟတ် မှာပါ မှိုကပ်သွားရော။ အဲ့ဒါဆို မှိုဆေးတဲ့ဆေးရေဖြန်းရတယ်။ အဲ့ဒါမှ မရသေးရင် စက်အဖုံးကြီးဖြုတ် ဟတ် ရှိတဲ့နေရာအထိ လက်ထည့်ပြီး စက္ကူအဖြူသန့်သန့်နဲ့ ပွတ်ရတယ်။ ပြီးရင် အခွေပြန်ထိုးကြည့်လို့ အိုကေပြီဆိုမှ ဆက်ကြည့်ရတယ်။

ဗီဒီယို တိတ်ခွေတွေရဲ့ သဘောက ကြည့်ပြီးပြီဆို တိတ်ကုန်သွားပြီ။ အဲ့ဒီတော့ အစကနေကြည့်ဖို့ဆိုရင် တိတ်သားအစရောက်တဲ့အထိ ပြန်ရစ်မှ ဖွင့်လို့ရတာ။ တချို့အခွေတွေကို ဆိုင်က အဲ့လိုရစ်မပေးထားဘူးဆိုရင် ကိုယ့်ဘာသာရစ်ရတယ်။ လက်ရှိကြည့်နေတဲ့ကားပြီးရင် နောက်တစ်ကားကြည့်ဖို့ကို အဲ့လိုပြင်ဆင်ရသေးတာ။ နောက်တစ်ကားက မရစ်ထားဘူးဆို ရစ်ရသေးတယ်။ အဲ့လိုရစ်တာကို ဗီဒီယိုကြည့်တဲ့စက်နဲ့ပဲရစ်လို့ရသလို အခွေရစ်တဲ့စက်ဆိုတာလေး သပ်သပ်ရှိသေးတယ်။ အခွေရစ်စက်မပေါ်ခင်ကဆို လက်လှည့်ရစ်စက်နဲ့ ရစ်ရတယ်။ ကြည့်တဲ့စက်က အခုအခွေကြည့်နေတော့ တခြားအခွေရစ်ချင်ရင် အဲ့ဒီလက်လှည့်ရစ်စက်လေးနဲ့ ထိုင်ရစ်နေရသေးတယ်။

ဗီဒီယို တစ်ကားပြီးရင် ဘရိတ်တိုင်းလုပ်ပြီး ရှူးရှူးပေါက်တဲ့သူကပေါက်။ ညစာ ထမင်းစားချင်တဲ့သူလည်း အဲ့ဒီတော့မှထထည့်စား။ ညဘက် ဘုရားရှိခိုးနေကျဖြစ်တဲ့ ကြီးတော်ကြီးက ဘုရားခန်းဘက်ထွက်သွား ဘုရားရှိခိုး။ ကလေးတွေကလည်း နောက်တစ်ကားကို ငါ့အခွေအရင်ဖွင့်မယ်၊ သူ့အခွေနောက်မှဖွင့်နဲ့ စီနီယာလုကြတယ်။ အဖွားကတော့ ရုပ်ရှင်ကြိုက်သူမို့ စောပြီးဘုရားရှိခိုးထားမယ်ထင်တယ်။ တအိမ်လုံးက ရုပ်ရှင်ကြိုက်သူတွေဆိုတော့ အဲ့ဒီအချိန် ကလေးတွေလည်း တော်ရုံအဆူမခံရသလို ကလေးတွေကလည်း သူတို့လုပ်ချင်ရာလုပ်နေရတာမို့ လူကြီးစကားနားထောင်ကြတယ်။ ဗီဒီယိုကြည့်ရင်းစားဖို့ အာလူးကြော်တို့၊ ငါးမုန့်ကြော်တို့ စာကလေးခွေတို့လို သရေစာတွေဝယ်ထားတဲ့အပြင် တစ်ခါတလေကျ ထမင်းကြော်တို့ လက်ဖက်ထမင်းနယ်တို့ အဲ့လိုတွေလည်းလုပ်စားကြသေးတယ်။

ဒီလိုနဲ့ ဗီဒီယိုတစ်ကားပြီး တစ်ကားကြည့်ရင်း ညဥ့်နက်လာတော့ အိပ်ချင်သူတွေ အလျှို အလျှို ကိုယ့်အခန်းကိုယ်ဝင်အိပ်သွားကြပြီ။ ကလေးတွေကတော့ ဘယ်လောက်အိပ်ချင်ချင် မျက်လုံးဒေါက်ထောက်ပြီး အတင်းကြည့်တာပဲ။ အဲ့လိုနဲ့ တီဗီရှေ့မှာ အိပ်ပျော်တဲ့သူက အိပ်ပျော်သွားတယ်။ စောစောကတည်းက အိပ်ပျော်သွားတဲ့သူက တရေးပြန်နိုးတဲ့အခါ ဇွဲကောင်းပြီး မအိပ်သေးသူရှိရင် အတူတူဆက်ကြည့်နေကြပြန်ရော။ အဲ့လိုကို ဗီဒီယို ညလုံးပေါက်ကြည့်ကြတယ်။ တစ်ညဘယ်လောက်ဆိုပြီး ငှားခပေးထားရတာဆိုတော့ မကြည့်လိုက်ရင် မတန်ဘူးဖြစ်သွားမှာစိုးတာကိုး။ နောက်နေ့တော့ ဘယ်လိုနေကြတယ်မသိဘူး။ ကိုယ်တွေတော့ ကလေးလည်းကလေး၊ ကျောင်းပိတ်ရက်လည်း ကျောင်းပိတ်ရက်ဆိုတော့ အိပ်နေမှာ သေချာပါတယ်။

နောက်ပိုင်းတော့ အဲ့ဒီဗီဒီယိုစက်ကလေး အိမ်မှာရှိလာတယ်။ ညလုံးပေါက်လည်းကြည့်စရာမလိုတော့ဘူး။ ကိုယ်ကြိုက်တဲ့အခွေထွက်မှငှားကြည့်ရုံပဲ။ အခွေရစ်စက်နဲ့ဆိုတော့ လက်နဲ့လည်းလှည့်ရစ်စရာမလိုတော့ပါဘူး။ မှိုတက်တာအတွက် မှိုဆေးတဲ့အခွေ ဆိုတာမျိုးတွေပေါ်လာတော့ စက်အဖုံးကြီးလည်း ဖြုတ်လိုက်တပ်လိုက်လုပ်စရာမလိုတော့ဘူး။ အဲ့ဒီဗီဒီယိုကနေ နောက်တော့ ဗီစီဒီ၊ ဒီဗီဒီ၊ blu rayတွေကနေ အခုခေတ်နောက်ဆုံးပေါ်တွေအထိ အမျိုးမျိုးပြောင်းလဲသွားကြတယ်။ အသံအရည်အသွေး၊ ရုပ်ထွက်ကွာလတီကအစ တကယ့်ကိုကြည်လင်ပြတ်သားတဲ့ဟာတွေ ဖြစ်လာခဲ့ပြီး အရောင်စုံ၊ အသွေးစုံ အရုပ်တွေကို အပြင်လောကနဲ့မခြား ဖန်သားပြင်မှာကြည့်လို့ရလာပြီ။ အဆင်မြင့် ရုပ်သံလိုင်းဖမ်းစက်တွေနဲ့ဖတ်ပြီး ခလုတ်ကလေးနှိပ်ပြီးဖွင့်ရုံနဲ့ လိုင်းပေါင်းစုံကြည့်လို့ရတဲ့ စက်တွေလည်း ပေါ်လာကြပြီ။ ဒါပေမယ့် ငယ်ငယ်တုန်းကလို မောင်နှမတွေတိုးဝှေ့ လုယက်ကြည့်ရတဲ့ အရသာနဲ့တော့ မတူတာ အမှန်ပါပဲ။ မြစ်တစ်စင်းထဲမှာ နှစ်ခါရေချိုးလို့မှ မရနိုင်တာပဲလေ။

သဇင်
၈ ဒီဇင်ဘာ ၂၀၁၄

0 comments:

Featured Post

For the rest of my life

“How do you want to live the rest of your life?” ကျန်ရှိနေသေးတဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဘယ်လိုဖြတ်သန်းနေထိုင်သွားချင်သလဲ။ ဒီရက်ပိုင်း အဲ့ဒီတ...